တမူးမြို့နယ်၊ ခါမ်းပါတ်မြို့သို့ စစ်ကြောင်းထိုးလာပြီး ပြန်လည်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ငါးဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့မှစတင်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းဖြစ်ပြီး သုံးရက်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ထွက်ပြေးတဲ့သူတွေက ဟိုနားတွေ့လိုက်၊ ဒီနားတွေ့လိုက်နဲ့ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး လိုက်လုပ်တဲ့အချိန်တွေ့တာ။ တချို့တွေတော့ လက်နက်တွေဖွက်ထားခဲ့တယ် တချို့တွေတော့ပါလာတယ်။ ဖမ်းမိတဲ့သူတွေကတော့ တပ်သားတွေပါပဲ။ သူ့တို့ကထွက်ပြေးသွားတော့ အခုထိမစုမိဘဲ ကွဲနေတာနေမှာ” ဟုပြောသည်။

ဖမ်းဆီးရမိခဲ့သည့် တပ်သားအဆင့်ရှိသူငါးဦးထံမှ သေနတ်ငါးလက်နှင့် RPG တစ်လက် သိမ်းဆည်းရမိခဲ့ပြီး လက်ရှိအချိန်တွင် လုံခြုံသောနေရာသို့ ပို့ဆောင်ထားကာ ဥပဒေနှင့် အညီဆောင်ရွက်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးများပြီး ပြန်လည်တပ်ဆုတ်သွားသည့်နေမှစတင်ကာ ယနေ့အထိ ထပ်မံစစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်နားသွားပြီဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

“သူတို့တပ်ဆုတ်ကတည်းက ဘာစစ်ကြောင်းမှမရှိ ဘာလေကြောင်းမှလည်း မလာဘူး။ လောလောဆယ်တော့ ဒီဘက်မှငြိမ်နေတယ်။” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားသည့် ခါမ်းပါတ်မြို့သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလမှစတင်ကာ လက်ရှိအချိန်ထိ ခမ်းပတ်မြို့အပါအဝင် ကနန်ကျေးရွာ၊ ဘုက္ကန်ကျေးရွာ၊ နန်းကတိတ်ကျေးရွာ၊ နန်းခေါက်ခေါက်ကျေးရွာ၊ ဝိတုတ်ကျေးရွာ၊ သနန်ကျေးရွာ၊ ဖိုင်လင်းကျေးရွာ၊ စေတီကျေးရွာ၊ ပန်းသာကျေးရွာနှင့် ထန်းတပင် ကျေးရွာများမှ ဒေသခံပြည်သူနှစ်သောင်းကျော်ခန့်မှာ ထွက်ပြေးတိမ်းရှောင်ကြဆဲဖြစ်ကြောင်း သိရသည်။

ခမ်းပါတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng

ဓာတ်ပုံ – ခါမ်းပါတ်မြို့ကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် တွေ့ရှိခဲ့ရသည့် မြင်ကွင်းအချို့ (CNO Upper Chindwin Region – UCR FB page)

သင့်ထင်မြင်ချက်ရေးပေးပါ