ဒီပဲယင်းမြို့နယ် အရှေ့ဘက်အခြမ်းသို့ ယမန်နေ့မှစတင်ဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းက နေအိမ်များကိုမီးရှို့နေသောကြောင့် ဒေသခံပြည်သူငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပင်စီကျေးရွာနှင့်‌ အောင်ချမ်းသာကျေးရွာကို ယမန်နေ့က မီးရှို့ပြီး ယနေ့နံနက်တွင် ခွန်တောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လောလောဆယ်တော့ အိမ်ဘယ်လောက်လောင်သွားလဲဆိုတာ အတိအကျမရသေးဘူးဗျ။ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ကျွန်မတို့လည်း ရှောင်ဖို့အထုတ်သိမ်းပြီး အဆင်သင့်ဖြစ်နေပါတယ်” ဟုပြောသည်။

အင်အား ၉၀ ခန့်ရှိသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းက ရေဦးမြို့နယ်မှဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ စပါးများလည်းသယ်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူတို့စစ်ကြောင်းထိုးတဲ့ရါာက ဒေသခံတွေရဲ့ စပါးတွေတင်သွားတယ်လို့ကြားတယ်။ ဒီမနက်ခွန်တောင်ကိုတော့ ရွာထဲမဝင်ဘဲနဲ့ ရွာမြောက်ဘက်ကနေရှို့သွားတာ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက လက်ရှိအချိန်တွင် ဒီပဲယင်းမြိုနယ်၊ အရှေ့ဘက်ခြမ်းရှိ ပုဂံကျေးရွာသို့ ရောက်ရှိနေပြီး ဒေသခံပြည်သူများကလည်း နီးစပ်ရာကျေးရွာများ၊ စစ်ရှောင်စခန်းများ၊ တောများနှင့် ယာခင်းများတွင် တဲများဆောက်လုပ်ကာနေထိုင်နေကြကြောင်း သိရသည်။

ထွက်ပြေးသိမ်းရှောင်နေရသော ကျေးရွာများမှာ ခွန်တောင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ပင်စီကျေးရွာ၊ ပုဂံကျေးရွာ၊ လက်တီးကျေးရွာ၊ မစိုးရိမ်ကျေးရွာ၊ မူးကတွင်းကျေးရွာ၊ မဲအိုးကျေးရွာ၊ ပျော်ဘွယ်ကျေးရွာနှင့် ယင်းဒွေးကျေးရွာ စသည့်ကျေးရွာများဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုး မီးရှို့ခဲ့သောကြောင့် နေအိမ် ခုနှစ်လုံး၊ စပါးတိုက် လေးလုံးရှိ စပါးတင်း ၈၀၀ နှင့် မြေဆီငါးဂါလံဘူး ၁၅ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

သတင်း – Dureng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ