စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့ ညနေ ၆ နာရီခန့်က ဗန်းမော်မြို့တွင် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်း အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာသို့ အမှတ် -၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဗျူဟာကုန်းကနေပစ်တဲ့အမြောက်က မိုးစိမ်းကျွန်းမှာ အိမ်တည့်တည့်ကျတယ်။ ခင်စန်းမြင့်ဆိုတဲ့ အမျိုးသမီးကတော့ မှန်ထားတယ်။ ကလေးကတော့သေသွားတယ်” ဟုပြောသည်။

မိုင်းကာကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“မိုးစိမ်းမှာထိတာက အဖိုးရယ်၊ အဖွားရယ်၊ သူ့ရဲ့မြေးရယ်ပေါ့။ မြေးကတော့ သေသွားပြီလို့သိရတယ်။ လောလောဆယ်ကတော့ ဆေးရုံဆေးခန်းသွားနေရတယ်။ မိုင်းကာကကျတော့ သုံးယောက်ထိတယ်။ တစ်ယောက်ပွဲချင်းပြီးသေတယ်။ နောက်နှစ်ယောက်ထိတာတော့ ဆေးခန်းသွားပြီ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူလေးဦး၏ အခြေအနေနှင့်ပတ်သက်ပြီး The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အလယ်ကျွန်းရှိ ကုန်းခါးကျေးရွာ လယ်တောတဲတစ်ခုအနီး ကျရောက်ပေါက်ကွဲချိန် နှလုံးရောဂါအခံရှိသည့် အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
မိုးမောက်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၃၇ မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နိုဝင်ဘာလ ၇ ရက်နေ့က ဒေသခံပြည်သူတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ