စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်တစ်စင်း ယမန်နေ့က ဝိုင်းမော်မြို့တွင် ပျက်ကျခဲ့သည်ဟူသော သတင်းမှာအမှားသာဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIO) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေညောင်ပင်ကျေးရွာအနီးရှိ ဘော်စာဒီးကျေးရွာတွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့သည့်ဟူသော သတင်းမှာမမှန်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“တကယ်လို့များပစ်ချလိုက်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဆီမှာလည်း သတင်းတွေကတော့ ထွက်မှာပါ။ ဒါကတော့ သတင်းအမှားပဲထင်တယ်။ တချို့တွေကတော့ ဒရုန်းကျတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ ရဟတ်ယာဉ်ကတော့ ဖြစ်ပုံမရပါဘူး” ဟုဆိုသည်။

KIA က တာလောကြီးကျေးရွာနှင့် ဘော်စာဒီးကျေးရွာရှိ ပြည်သူ့စစ်စခန်းနှစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်သို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်မှ အကျအဆုံးအထိအခိုက်များရှိကာ ဖမ်းဆီးရမိသူများလည်းရှိကြောင်း သိရပြီး အရေအတွက်အတိအကျကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဝိုင်းမော်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတို့တွင် ယခုရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ မြေပြင်ထောက်ပို့ ယာဉ်တန်းများလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလျက်ရှိသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ