တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ခမ်းပတ်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ တိုက်ပွဲပြန်လည်ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အထိအခိုက် အကျအဆုံးများသောကြောင့် ယမန်နေ့ညက တပ်ဆုတ်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု တိုက်ပွဲဝင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လက်ရှိမြေပြင်အခြေအနေကတော့ စစ်ကောင်စီတွေက မရှိတော့ဘူးဗျာ။ ဒီကောင်တွေလာတာ အလကားဖြစ်သွားတာပေါ့ ရိက္ခာဖြုန်း၊ လူပင်ပန်း၊ လူသေပဲ အဖက်တင်သွားတာပေါ့ဗျာ။ ဘာမှလုပ်မသွားနိုင်ရှာဘူး သနားတော့သနားပါတယ်။ နယ်မြေတွေတော့ ဆက်လက်စိုးမိုးထားဆဲပဲပေါ့” ဟုပြောသည်။

လက်ရှိအချိန်တွင်လည်း တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင် စစ်ကောင်စီတပ်က အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး MA10 RPG7 တစ်လက်၊ MG3 တစ်လက်၊ MA-S1 MK2 တစ်လက်နှင့် လက်နက်မျိုးစုံ ၁၇ လက် သိမ်းပိုက်ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ နေစဉ်လေကြောင်းသုံးတိုက်ခိုက်နေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ခမ်းပတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng
ဓာတ်ပုံ – Ministry of Defence – National Unity Government of Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ