လိုင်ဇာမြို့အနီးတွင် ယနေ့နံနက် ၉ နာရီခန့်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ဘွမ်ရေတောင် (Bumre Bum) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်နေကြပြီး လက်နက်ငယ်သံများလည်းကြားနေရသည်ဟု လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“KIA တွေလည်းပစ်တယ်၊ စစ်ကောင်စီတွေလည်းပစ်တယ် အပြန်အလှန်ပစ်နေကြတာ။ အသံအရမ်းကြားရတယ် အသံမျိုးစုံကြားနေရတယ်။ မြေပြင်ကနေလည်း တိုက်တာလားမသိဘူး လက်နက်အသေးအသံတွေလည်း ကြားနေရတယ်။ ဘယ်လိုလဲတော့အတိကျတော့မသိဘူး” ဟုပြောသည်။

ခရာတောင်တွင်ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံသို့ မြေပြင်မှထောက်ပို့ပစ္စည်းများပို့ဆောင်နိုင်ရန် ပစ်ခတ်နေကြခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက ခရာမှာပိတ်ခံထားရတော့ ထောက်ပို့တွေသွားရလာရအောင် ကြိုးစားနေကြတာ။ ကိုယ့်ဘက်ကို ပစ်လာရင်တော့ပြန်ပစ်မှာပဲ။ ခရမှာ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာကို ဟတ်စကီးနှစ်စီးနဲ့ အမြဲလာပို့နေကြ တစ်စီးက ကင်းထောက် တစ်စီးက ရိက္ခာ” ဟုပြောသည်။

ယနေ့နံနက် အစောပိုင်းကလည်း ဒေါ့ဖုန်းယန်မှ နမ်ဆန်ယန်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်းအတွင် တိုက်ပွဲများ မကြခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့ကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က လွယ်ဂျယ်မြို့အနီး ရော်ယွန်တောင် (Yaw Yung Bum) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ပျက်စီးကာ ကျောင်းသူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ