မိုင်ဂျာယာန်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ချိန် ကျောင်းသူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောင်းမှနေအိမ်သို့ ပြန်လာရာလမ်းတွင် လက်နက်ကြီးစထိမှန်ခဲ့သောကြောင့် လက်နှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုင်ဂျာယာန်မြို့နေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“ကျောင်းမှာ စာ‌မေးပွဲဖြေပြီး အပြန်လမ်းမှာ လက်နက်ကြီးကျလို့ ထိမှန်သွားတာ။ အရမ်းတော့မဆိုးပါဘူး တစ်ယောက်က ခေါင်းမှာနည်းနည်းထိပြီး နောက်တစ်ယောက်က လက်ကောက်ဝတ်မှာထိသွားတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၈ နှစ်ခန့်အရွယ်ရှိ ကောလိပ်ကျောင်းသူနှစ်ဦးမှာ ဆေးကုသမှုခံယူခဲ့ရပြီး အသက်အန္တာရာယ် မစိုးရိမ်ရကြောင်း မိုင်ဂျာယာန်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျတဲ့ အိမ်နားရောက်တော့ လက်နက်ကြီး စမှန်တာပေါ့၊ တစ်ယောက်ကတော့ လက်ကောက်ဝတ်နားမှာ အစဝင်သွားလို့ ထုတ်လိုက်ရတယ်။ တစ်ယောက်က ခေါင်းမှာ မဖြစ်စလောက်လေး ထိသွားတယ်။ ဆေးရုံတက်စရာတော့ မလိုပါဘူး” ဟု ပြောသည်။

မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ်မြို့အနီးရှိ ရော်ယုံတောင် (Yaw Yung Bum) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးသုံးလုံး ယမန်နေ့က မိုင်ဂျာယာန်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံး တရုတ်နိုင်ငံအတွင်း နှစ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း – Pan Soon, Zami
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ