မူဆယ်မြို့၊ ၁၀၅ မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် မူဆယ် ၁၀၅ မိုင်တွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး အဝင်အထွက်အားလုံးကိုလည်းပိတ်ဆို့ထားသဖြင့် တိုက်ပွဲအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရှိရဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“နေ့ရောညရော အင်အားပြင်းတဲ့ဗုံးတွေကြဲပြီးတော့ ပစ်ခတ်မှုတွေဖြစ်နေတာ။ ကျွန်တော်တို့က ဆက်သွယ်လို့မရ ဖုန်းလိုင်းကမမိ နောက်လူတွေကလည်း အသွားအလာလုပ်လို့မရဘူး ဖြစ်နေတဲ့အတွက် တချို့တော့ တော်တော်ပျက်စီးပြီလို့ပြောကြတယ်။ ဒါပေမဲ့ သေချာဘယ်သူမှ အတည်မပြုနိုင်ဘူးဖြစ်နေတယ်ဗျ” ဟုဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှ ယနေ့အထိ မူဆယ် ၁၀၅ မိုင်ကို အဝင်အထွက်အားလုံး ပိတ်ထားခဲ့ပြီး လက်ရှိအချိန်ထိလည်း ပိတ်မိနေသူများရှိကြောင်း မူဆယ် – လားရှိုးလမ်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ခရီးသည်တွေတောင်သွားလို့မရဘူးဆိုတော့ ကျန်တဲ့ကားတွေက ပိုဆိုးတာပေါ့။ အဲ့ဘက်က သွားလာခွင့်မရှိဘဲ အဲ့ဘက်ကလူတွေတောင် ပိတ်မိနေတယ်။ နောက်မှာလည်း ပိတ်မိနေတဲ့ကားတွေတော့ရှိတယ် နမ့်ခမ်းနဲ့ ဆယ်လန့်ကြားမှာ။ မူဆယ်ခရီးသည်တွေကတော့ နမ္မတူဘက်ကနေကွေ့ပြီးသွားတာ” ဟုပြောသည်။

တိုက်ပွဲပြင်းထန်နေသောကြောင့် မူဆယ်မြို့မှ ၁၀၅ မိုင်သို့ အသွားအလာပြုလုပ်သည့် လမ်းကြောင်းများ အားလုံးကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ဖြတ်သည့်ပြည်သူများကို ဖမ်းဆီးခြင်းနှင့် လူမှုကူညီရေးအသင်းကားများလည်း မကြာခဏ ပစ်ခတ်ခံရလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီဗျူဟာကုန်းကိုကို ညီနောင်မဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta၊ Dureng၊ Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ