တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ လေးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျွန်းလှမြို့နယ်မှ ဒေသခံရှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်များစီးနင်းလာသည့် တုန်ဟုန်ကားတစ်စီး လက်နက်ကြီးထိမှန်ခဲ့ကြောင်းသိရသည်။

စစ်ရှောင်ပြည်သူများ စီးနင်းလိုက်ပါလာသည့် တုန်ဟုန်းကားမှာ ယမန်နေ့ နံနက်က အေးချမ်းသာကျေးရွာနှင့် လိပ်ဆင်းတောင်ကျေးရွာကြားတွင် ပစ်ခတ်ခံခဲ့ရသောကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု ကိုမင်းသူက The 74 Media ကိုပြောသည်။

“တုန်ဟုန်းကားနဲ့လာတာ လေယာဉ်သံကြားတယ်ဆိုပြီး လူတွေခုန်ဆင်းသွားပြီး ဘေးနားတောကြား ဝပ်နေတဲ့အချိန် ကားကိုပစ်ခွဲသွားတာတဲ့ လူတွေကဘာမှမဖြစ်ဘူးပြောတယ်။ နေ့လယ်က MI – 35 နဲ့တော့ အင်လှရွာနှုတ်ခမ်းနဲ့ လိပ်ဆင်းတောင်ကျေးရွာပတ်ချာလည်ကို ပစ်သွားတာ။ အားလုံးက အဲ့နားဝန်းကျင်တွေမှာပဲ ပစ်သွားတာ” ဟုပြောသည်။

ဂျက်ဖိုက်တာ ညသန်းခေါင် ၁၂ နာရီခွဲမှတွင် တစ်ကြိမ်၊ နံနက် ကိုးနာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် တစ်ကြိမ်နှင့် နေ့လယ် ၁၂ နာရီခန့်တွင် MI – 35 ဖြင့်တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တုန်ဟုန်းကားနှစ်စီး၊ နေအိမ်နှင့် လမ်းနေရာအချို့တွင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ရှစ်ထောင်ခန့်မှာ ကျွန်းလှမြို့နယ်ရှိ တပူတောကျေးရွာ၊ လိပ်ဆင်းတောင်ကျေးရွာ၊ အေးချမ်းသာကျေးရွာ၊ အင်းလှကျေးရွာ၊ မြနှစ်ကျေးရွာနှင့် ကျွဲတဲကျေးရွာများအပါအဝင် ကျေးရွာခုနှစ်ရွာမှဖြစ်ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ စစ်ဆင်ရေးအရှိန် မြှင့်တင်မည်ဟု တပ်တွင်းသတင်းများထွက်ပေါ်နေကြောင်း ကျွန်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ကောင်စီတပ်က စစ်ရေးအခြေအနေတင်းမာနေသောနေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများကိုလည်း လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်ကလည်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

သတင်း – Dureng
ပုံ – ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ