ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်ခုကို ယမန်နေ့ည ၅ နာရီခွဲခန့် မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင်တွေ့ရှိခဲ့ကြောင်းသိရသည်။

ဦးခေါင်းနှင့် ခါးတို့တွင်ကားတိုက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်းကို လမ်းမပေါ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီကရုဏာ(အခမဲ့)လူမှုကူညီရေးအသင်း တာဝန်ရှိသူက The 74 Media ကိုပြောသည်။

“မျက်နှာကပြားပြီး သဲတွေကပ်နေတယ်။ ဘောင်းဘီတွေလည်းပေါက်၊ ခန္ဓာကိုယ်အနှံ့လည်း ပွန်းပဲ့ဒဏ်ရာတွေ ကားနဲ့ကြိတ်ပြီးအလောင်းကို အဲ့မှာလာစွန့်ပစ်ထားတဲ့သဘောဟုတ်တယ်။ ဘယ်ကလဲ မသိရဘူး။ အလောင်းပိုင်ရှင်လည်း မသိသေးဘူး” ဟုပြောသည်။

သေဆုံးနေသူမှာ အသက် ၂၀ ကျော်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ညနေ ငါးနာရီခွဲအချိန်ခန့်ကလည်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး မူးယစ်ဆေးလွန်ကာသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ မေခဝန်ထမ်းအိမ်ရာနောက်ဘက်ရှိ မြို့ပတ်လမ်းတွင် လည်ပင်း ဓားထိုးသွင်းဒဏ်ရာနှင့် ဓားခုတ်ခံထားရသည့် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ဧရာဝတီကရုဏာ(အခမဲ့)လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ