ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် စစ်ကူများကို ယမန်နေ့က လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

စခန်းသစ်ကုန်း မကျရေးအတွက် နောင်ကောင်ကျေးရွာ သချိုင်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းတို့တွင် ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာရောက်ပို့ဆောင်ခဲ့သော အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လိုက်လံပစ်ခတ်ရာမှ သေနတ် ၁၉ လက်၊ ကျည်ဆံသေတ္တာ လေးခု၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးစက်နှင့် ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အကျအဆုံးရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းသုံးတိုက်ခိုက်ခြင်းများ နေ့စဉ်ပြုလုပ်နေပြီး စစ်ရေးပစ်မှတ်မဟုတ်သော နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကိုလည်း နေ့စဉ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေတင်းမာနေပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယမန်နေ့အထိ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က စစ်ကောင်စီတပ်စခန်းပေါင်း ၆၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

သတင်း – Dureng
ဓါတ်ပုံ – PSLFနှင့် TNLA သတင်းနှင့် ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ