အင်းတော်မြို့နယ်၊ မော်လူးမြို့ကို KIA နှင့်ပူးပေါင်းတပ်က ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့်နေရာများမှ တစ်ခုသာကျန်ရှိတော့သည့် မော်လူမြို့ ရဲစခန်းကို ယနေ့ နံနက် ၂ နာရီခန့်ကစတင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားတပ် ABSDF တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စစ်ကောင်စီဝန်ထမ်း Non-CDM တွေကို အလင်းဝင်ဖို့ပြောတယ်လေ။ ပြောတဲ့အတွက် ရာကျော်ဝင်ခဲ့တယ်လေနော်။ မဝင်ခဲ့တဲ့သူတွေကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်ရတဲ့ အခြေနေပါပဲ” ဟုဆိုသည်။

လက်ရှိအချိန်တွင်လည်း ရဲစခန်းအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သူကပြောသည်။

လေးနာရီခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို စစ်သုံးပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသိရှိရသည်။

ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် မော်လူးဈေးရှိ ဆိုင်ခန်းများထိခိုက်ပျက်စီးခဲ့ကြောင်း မော်လူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်နဲ့ နှစ်လုံးလာကြဲတယ်။ စက်သေနတ်တွေနဲ့လည်းပစ်သွားတယ်။ တစ်လုံးပဲကွဲတယ်။ တစ်လုံးကတော့မကွဲဘူးပေါ့။ လေယာဉ်နဲ့ကြဲတာကတော့ မော်လူးဈေးဘက်တွေကျတာပေါ့။ ဈေးတွေပျက်စီးသွားတယ်လို့ သိရတယ်ဗျ” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် မိုးညှင်းမြို့ရှိ အမှတ် (၉၀၄) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှလည်း ဟောင်ဝစ်ဇာများဖြင့် လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မော်လူးမြို့သိမ်းတိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကချင်လွတ်မြောက်ရေးတပ် KIA၊ KPDF နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြို့ စသည့်မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီး ယနေ့တွင် မော်လူးမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ