မိုးကောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးကိုဖမ်းဆီးသွားကြောင်းသိရသည်။

ကျွန်းတောရပ်ကွက်နှင့် အိုးတန်းရပ်ကွက်ကို ဆက်သွယ်ထားသည့် နန့်ရင်းချောင်းကူးတံတားအနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်မောင်းနင်လာသည့် လူငယ်နှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“လူငယ်နှစ်ယောက် ဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ရဲကစစ်တာပေါ့နော်။ တားတဲ့အချိန်မှာ ကလေးတွေက မောင်းပြေးတော့ ပတ်ကင်းပတ်နေတဲ့ စစ်ကားနဲ့တိုးတော့ အဲဒီကနေ ပစ်တာပေါ့။ လူငယ်တစ်ယောက်ကတော့ အဲဒီနေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။ တစ်ယောက်ကတော့ အဖမ်းခံလိုက်ရတာပေါ့” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့်အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရကြောင်းနှင့် လူလတ်ပိုင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိသူဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မျက်နှာတောင်မှသူတို့ တဘက်နဲ့အုပ်ထားတာ။ အသက်ရှိသေးတယ်ဆိုပြီး ကျွန်တော်တို့က သွားသယ်တာလေ။ အသက်မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ ကပ်ခွင့်မရတော့ဘူး။ တင်တော့လည်း သူတို့ပဲကားပေါ်တင်ပေးလိုက်တာ၊ အဲဒါပြီးတော့ရင်ခွဲရုံထဲ ထည့်ပေးပြီးကျွန်တော်တို့ကို ပြန်လွှတ်ပေးလိုက်တာ။ မျက်နှာထင်ထင်ရှားရှားတော့ မတွေ့ရဘူး” ဟုဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရံဖန်ရံခါ ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက် နန့်ရင်းချောင်းဘေးတွင် ၁၀ ခန့်ကြာ ပျောက်ဆုံးနေခဲ့သည့် KIA၊ PDF ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ဩဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း မြို့အတွင်းနေ့စဉ်ရက်ဆက်ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ပြီး စစ်ကြောရေးတွင်သတ်ဖြတ်ခံခဲ့ရသူများလည်းရှိသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ