တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပုလဲမြို့နယ်မှ NUG ၏ မြို့နယ်တရားရေးတာဝန်ခံအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 
စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူငါးဦးတွင် တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
 
“တရားရုံးကိုလာပြီး ဗုံးကြဲတာပေါ့၊။ တရားရေးတာဝန်ခံနဲ့ သူ့ဇနီးရယ်ပြီးတော့ ပလဖရဲဘော်တစ်ဦးရယ်တော့ အဲ့မှာပဲပွဲချင်းပြီးပဲ။ တစ်နှစ်သားအရွယ်ကလေးငယ်တစ်ဦးရယ် သူ့မိခင်ရယ်ကတော့ ကျွန်တော်တို့ ဆေးရုံပို့နေတုန်းလမ်းမှာပဲ ဆုံးသွားတာဗျာ။ စုစုပေါင်းတော့ ငါးဦးသေဆုံးသွားတာပေါ့” ဟုပြောသည်။
 
မကွေးလေတပ်မှတက်လာသော လေယာဉ်ဖြစ်ပြီး အမှုတရားစီရင်နေချိန် ကျရောက်ပါက်ကွဲခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ချင်းတွင်းရိုးမမြေပြင်သတင်းထောက် ကိုမြတ်ကိုကပြောသည်။
 
“ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း တော်တော်လေးများတယ်။ အစည်းဝေးမလုပ်ဘူး ပုံမှန်ဒေသရဲ့ အမှုခင်းလေးတွေတရားစီရင်နေတဲ့အချိန်မှာပဲ ရုံးပေါ်တည့်တည့်ကျတာ။ အခုထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ဆေးရုံပို့ဘာညာလုပ်နေတယ်။ အဲ့မှာကိုယ့်ရဲဘော်တစ်ယောက်က လေယာဉ်သံကြားလို့ ချောက်ထဲခုန်းဆင်းချလိုက်လို့သူကလွတ်သွားတယ်” ဟုပြောသည်။
 
စစ်ကောင်စီတပ်က ဗုံးလေးလုံးကြဲချခဲ့ခြင်းဖြစ်ပြီး ကျန်ဗုံးသုံးလုံးမှာ ဇီးဖြူကုန်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာမှာ ပျူစောထီးရွာဖြစ်သည်ဟု ဒေသခံများကပြောသည်။
 
ဝန်းသိုမြို့နယ်၊ ကော်လင်းမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေးအရှိန် မြှင့်တင်မည်ဟု တပ်တွင်းသတင်းများအရ သိရကြောင်း ကျွန်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
 
စစ်ကောင်စီတပ်က စစ်ရေးအခြေအနေတင်းမာနေသောနေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများကိုလည်း လေကြောင်းသုံးတိုက်ခိုက်မှုများပြုလုပ်နေပြီး ယမန်နေ့ည ၇ နာရီခန့်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်းခမ်းမြို့ကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့သောကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်။
 
သတင်း – Dureng
သင့်ထင်မြင်ချက်ရေးပေးပါ