မြစ်ကြီးနားမြို့တွင် ယနေ့ ညနေ ၄ နာရီခန့်မှစတင်ကာ မိုဘိုင်းလ်အင်တာနက်လိုင်းများ ပြန်လည်းရရှိပြီဖြစ်ကြောင်း သိရသည်။

တယ်လီနော (Atom) ဖုန်းလိုင်းပြန်လည်ရရှိခြင်းဖြစ်ပြီး အခြားအော်ပရေတာများနှင့် ဖိုက်ဘာအင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက The 74 Media ကိုပြောသည်။
“MPT ဖုန်းလိုင်းရတယ်။ တယ်လီနောကဖွင့်ပြီ အင်တာနက်လည်းရပြီ။ ဝိုင်းမော်မှာတော့ အင်တာနက်မရဘူး ဖုန်းပဲရတယ်” ဟုပြောသည်။
အင်တာနက်နှင့် ဖိုင်ဘာဝိုင်ဖိုင်လိုင်းများပြတ်တောက်နေသည့် ငါးရက်အတွင်း CDMA ဖြင့် 3G ဒေတာအင်တာနက်လိုင်းရရှိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ယနေ့မွန်းလွှဲပိုင်းအထိ ငါးရက်ခန့်ကြာ MPT, တယ်လီနော (Atom), Mytel, Ooredoo တို့မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ခဲ့ပြီး MPT ဖုန်းအချင်းချင်းခေါ်ဆိုသည့် ဖုန်းလိုင်းများသာ ရရှိခဲ့သည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ကာ ဖိုင်ဘာအင်တာနက်လိုင်းများပြတ်တောက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် မိုဘိုင်းလ်ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သောကြောင့် ကျောင်းသားများ၊ အွန်လိုင်းဈေးသည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဈေးဆိုင်များ အခက်အခဲကြုံခဲ့ရကြောင်း သိရသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖိုင်ဘာကြိုးများပြတ်တောက်နေပြီး ပြန်လည်ပြုပြင်ရန်လည်း အခက်အခဲများရှိနေသောကြောင့် အင်တာနက်လိုင်းမရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က ကချင်ပြည်နယ်အခြေစိုက် မနောင်လင့် (Manau Link) ဝိုင်ဖိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုဖြေကြားထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်ရေးတင်းမာနေသည့် နေရာများတွင် ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။
ဓါတ်ပုံ – Moments of Nature
သင့်ထင်မြင်ချက်ရေးပေးပါ