ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ “နှုံးဘူးဗျူဟာ” ကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“နှုံးဘူးဗျူဟာ” ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ည ၁၁ နာရီခွဲခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် အပြင်းအထန်ခုခံမှုများ ပြုလုပ်ခဲ့သော်လည်း ဗျူဟာမှူးရုပ်အလောင်းအပါအဝင် ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင်လည်း စစ်ကောင်စီ၏ ကျန်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်းသိရသည်။

ပလက်ဝမြို့နယ်ရှိ “တရွန်အိုင်ဗျူဟာ”ကုန်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်မှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၁ ရက်အကြာ ဒီဇင်ဘာလ လေးရက်နေ့က အပြီးသတ်သိမ်းပိုက် နိုင်ခဲ့သည်။

အမ်းမြို့နယ်၊ ဒလက်ချောင်းအနီးရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုက ယမန်နေ့ညနေ ၆ နာရီခန့်က သက်ချောင်းဘုရား အနောက်တောင်ဘက်ရှိ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်စခန်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စွန့်ခွာထွက်ပြေးသွားသော စခန်းပေါင်း ၅၀ ကျော်ခန့်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – AA info Desk

သင့်ထင်မြင်ချက်ရေးပေးပါ