တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် တမူးမြို့နယ် ခမ်းပါတ်မြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ကိုးရက်နေ့မှာစတင်ကာ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်လည်း စစ်ကြောင်း သုံးကြောင်းခွဲကာဝင်ရောက်လာသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု တမူးခရိုင် တပ်ရင်း (၄) စစ်ကြောင်းမှူး ကိုခန့်လင်းက The 74 Media ကိုပြောသည်။

“တိုက်ပွဲက အခုကျွန်တော်တို့နဲ့လည်း ဖြစ်နေတယ်။ စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းသုံးတိုက်ခိုက်တာက နေ့တိုင်းရှိပါတယ်ဗျာ။ ပြီးတော့အောက်ခြေမြေပြင်ကနေ စစ်ကြောင်းထိုးတာရှိတယ်။ ခမ်းပတ်မြို့ကိုတော့ ဆက်လက်ထိန်းထားနိုင်တုန်းပဲဗျာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမြို့နှင့် ခမ်းပါတ်မြို့အနောက်ဘက် ချင်းပြည်နယ်အစပ်မှ စစ်ကြောင်းများခွဲကာ ခမ်းပါတ်မြို့အနီးသို့ချဉ်းကပ်လာခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

“(စစ်ကောင်စီ တပ်ဖွဲ့ဝင်) တွေက ပြန်ကပ်လာတော့ ကျွန်တော်တို့လည်း ကာကွယ်ရတာပေါ့နော့်။ ကလေး(မြို့)ကနေပြီးတော့ စစ်ကြောင်း ၂ ကြောင်းတက်လာတယ်။ တစ်ကြောင်းက ခမ်းပါတ်နယ်စပ် ချင်းပြည်နယ်ဘက်ကနေ တက်လာတယ်။ တစ်ကြောင်းက ခမ်းပါတ်အရှေ့ဘက် တောလမ်းအတိုင်းတက်လာတယ်ပေါ့နော်။ နောက်ဖက်ကတက်လာတဲ့အဖွဲ့က အရင်သူတို့စခန်းကုန်းကို လာပြီးတော့ ချဉ်းကပ်တဲ့သဘောပေါ့နော်” ဟုဆိုသည်။

တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို တော်လှန်ရေးအင်အားစုများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တမူးမြို့နယ်အတွင်းရှိ အောင်ဇေယျတပ်စခန်းကိုလည်း ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ကာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta၊ Dureng

ပုံ – တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ထားသော ခမ်းပါတ်မြို့က စစ်ကောင်စီစခန်းကုန်း။

သင့်ထင်မြင်ချက်ရေးပေးပါ