ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်မှစတင်ကာ တိုက်ပွဲများပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

 

မြတောင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်နေရာ သုံးနေရာကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှ လေးကြိမ်ထက်မနည်းလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

 

“မြတောင် ဗောဓိကျောင်းကုန်း အဲဒီတစ်နေရာရယ်၊ နောက်ပြီးမှ မြတောင်လမ်းဆုံတစ်နေရာရယ်၊ တံတားပေါ်ရယ် သူတို့ကနေရာသုံးခုကိုယူထားတာ။ အဲဒါကို ဝိုင်းတိုက်နေတာ။ ဒီနေ့ ၁၁ နာရီကျော်မှာလည်း လေယာဉ်နဲ့လာပစ်တယ်။ လေးကြိမ်ရှိပြီ။ တိုက်ပွဲတွေကတော်တော်ပြင်းထန်နေတယ်။ နားတွေကိုအူနေတာပဲ” ဟုဆိုသည်။

 

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ဖွဲ့များက လေကြောင်းသုံးတိုက်ခိုက်မှုများပြုလုပ်နေပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

 

“မနေ့ကတည်းက ချတာနော် ဂျက်ဖိုက်တာနဲ့ လာပြီးကြဲချသွားတယ်။ ထီးချိုင့်မြို့ဘက်လည်း ဖုန်းလိုင်းတွေ ဖြတ်ထားလို့ ဘယ်လိုမှ ဆက်သွယ်မရတာ အဲ့ဘက်မြောက်ခြမ်းဘက်ဆိုရင်၊ ကျွန်တော်လည်း အဲ့ဘက်ကသတင်းတွေမရသေးလို့ စုံစမ်းနေတာ ဖုန်းလိုင်းတွေကလုံးဝ အဆင်မပြေတာ” ဟုပြောသည်။

 

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားလာသည်မှာ တစ်လခန့်ကြာမြှင့်လာပြီးနောက် ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သည့်အပြင် လေကြောင်းသုံးတိုက်ခိုက်သောကြောင့် မြို့၏သုံးပုံတစ်ပုံပျက်စီးနေပြီဖြစ်သည်။

 

ထို့အပြင် ထီးချိုင့်မြို့သာမက အနီးနားကျေးရွာများမှ ဒေသခံများအပါအဝင် လူဦးရေငါးသောင်းထက်မနည်း စစ်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အစားအသောက်နှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးနေကြောင်း ဒေသခံများထံမှသိရသည်။

 

ထီးချိုင့်မြို့တွင် မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့စတင်ကာ ယနေ့အထိ ကလေးသူငယ်များအပါအဝင်သေဆုံးသူ အများအပြားရှိခဲ့ပြီး အရေအတွက်အတိအကျကို အတည်ပြုနိုင်ရန်ခက်ခဲနေဆဲဖြစ်သည်။

 

၂၀၁၄ သန်းခေါင်စာရင်းအရ ထီးချိုင့်မြို့အတွင်း အိမ်ထောင်စု သုံးထောင်ကျော်ခန့်ရှိပြီး လူဦးရေ တစ်သောင်းငါးထောင်ခန့်နေထိုင်သည်။

 

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ