ပူတာအိုမြို့နယ်၊ မာမဲ့ရှီးဒီကျေးရွာအနီးတွင် နှစ်လခန့်ရပ်နားထားသည့် ရွှေတူးဖော်သည့် လုပ်ငန်းများမှာ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ စက်ယန္တရားကြီးများဖြင့် ပြန်လည်လုပ်ကိုင်နေကြောင်း သိရသည်။

လက်ရှိရွှေတူးဖော်နေသူများမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းလုပ်ကိုင်နေသောကြောင့် ဒေသခံပြည်သူများက ကန့်ကွက်နိုင်ရန်ခက်ခဲနေသည်ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ဘက်ဟိုးတွေနဲ့ပြန်တူးနေကြလို့လေ၊ သူတို့အခုလိုဆက်မတူးအောင် ကူညီပေးပါဦး။ သူတို့က ဒီကအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တိုင်ပင်ပြီးလုပ်ကြတာ။ ကျွန်တော်တို့ရွာသားတွေတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ တတ်နိုင်မယ်ဆိုရင် ရွာသားတွေကမတူးစေချင်ဘူးပေါ့။ ဒါပေမဲ့ဒီမှာကရွာသားတွေလည်း ဘာမှ မလုပ်တတ်လို့။ အစိုးရနဲ့တူးပါလို့ပြောလို့တူးတာတဲ့” ဟုပြောသည်။

အဆိုပါလုပ်ငန်းဆိုဒ်မှာ ပြီးခဲ့သည့် စက်တင်ဘာလက ပူတာအို စစ်ကောင်စီဗျူဟာမှ တပ်ဖွဲ့ဝင်များက စက်ပစ္စည်းများလာရောက် သိမ်းဆည်းသွားသောကြောင့် လုပ်ငန်းရပ်နားထားခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ခွင့်ပြုမိန့်ရရှိထားသည့် တရားဝင်လုပ်ကွက်သက်တမ်းကျန်ရှိနေသောကြောင့်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ လကုန်ပိုင်းခန့်မှစတင်ကာ ဗန်းမော်မြို့မှအဖွဲ့နှစ်ဖွဲ့က လာရောက်တူးဖော်နေကြပြီး ကုမ္ပဏီများလည်းဝင်ရောက်လာရန်ရှိကြောင်း ဒေသခံရပ်မိရပ်ဖအခြားတစ်ဦးက ထပ်ပြောသည်။

“ရွာအနီးမှာက ဗန်းမော်ကအဖွဲ့နှစ်ဖွဲ့လုပ်နေတယ်။ တစ်လုံးထိုးစက်တွေနဲ့လုပ်တာ။ အောက်ဆန်ဂေါင်နဲ့ မာမဲ့ကြားမှာလည်း အရင် ၂၀၂၁ မှာသူတို့တရားဝင် နိုင်ငံတော်လုပ်ကွက်အဖြစ်ပေးတာကို နှစ်သက်တမ်း မကုန်သေးလို့ လုပ်ဖို့အခုစပြင်ဆင်နေတာပေါ့ စက်ကြီးတွေနဲ့လုပ်ဖို့တော့ ပြင်နေကြတယ်” ဟုပြောသည်။

ထိုသို့ရွှေတူးဖော်မှုများကြောင့် အနီးရှိချောင်းရေများမှာ ရွံ့အရောင်သို့ပြောင်းလဲသွားပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အခုတော့ ဘယ်လိုလုပ်ပြီးပြန်တူးခိုင်းလဲ ကျွန်တော်တို့လည်း အတိကျတော့မသိဘူး။ နေ့တိုင်း စက်မောင်းနေတာ။ ရေတွေလည်းနောက်နေတယ်။ အဲ့ရွှေတူးတဲ့ရေတွေက တာကူရှီးဇားတံတားမှာလာဆုံတာ ဆုံတဲ့နေရာအောက်ဘက်အကုန် နောက်သွားတာဟုတ်တယ်” ဟုပြောသည်။

အဆိုပါချောင်းရေမှာ လုံးစွပ်ရပ်ကွက်အနီးရှိ နမ်ထုမ်ချောင်းမှတစ်ဆင့် မလိခမြစ်အတွင်းသို့ စီးဝင်နေကြောင်း သိရသည်။

အလွန်အကျွံရွှေတူးဖော်မှုများလာသည့် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆည်မြောင်းများပျက်စီးလာသောကြောင့် ရေလုံလောက်စွာမရရှိသဖြင့် လယ်စပါးအထွက်နှုန်းများလည်း လျှော့ကျလာကြောင်း ဒေသခံများကပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုမြို့နယ်အတွင်း ဒေသခံပြည်သူများ ကန့်ကွက်သော်လည်း ရွှေအလွန်အကျွံတူးဖော်မှုများကြောင့် ချောင်းရေများမှာ ရွံ့ရေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ရွှေမှော်တွင် လုပ်ကိုင်သူများကို လုပ်အားခအတွက် မူးယစ်ဆေးပေးသည့် ဖြစ်စဉ်များစွာရှိခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ