ကနီမြို့ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးနှင့် မြို့နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတို့ လက်နက်၊ လူနာတင်ကားနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း – ၃၀ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိမြေပြင်တွင် ကိုယ့်အသက်ကိုယ် အာမခံမရရှိနိုင်သည့်အနေအထားသို့ရောက်ရှိလာသောကြောင့် အလင်းဝင်ရောက်လာကြခြင်းဖြစ်သည်ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) မှ ပြန်ကြားရေး ရဲဘော်မင်းညိုက The 74 Media ကိုပြောသည်။

“အလင်းဝင်လာတဲ့ရဲဝန်ထမ်းကဘာပြောလဲဆိုရင် အရင်ကတည်းကအလင်းဝင်လာဖို့ကြိုးစားဖူးတယ်တဲ့။ သူတို့ကနယ်မြေကျဉ်းလာလို့ အလင်းဝင်လာတာပေါ့ဗျာ လူတိုင်းကတော့သေမှာတော့ကြောက်ကြတာပေါ့။ အခုမြေပြင်အနေထားကတော့အရင်လိုမျိုး မဟုတ်တော့ဘူး စစ်ကောင်စီလက်အောက်ခံတွေရဲ့ဘဝက ကိုယ့်အသက်တောင်ကိုယ်အာမမခံနိုင်တဲ့ အနေထားဖြစ်လာတော့ ဒီလိုပဲအခွင့်ရေးရတုန်းဆက်သွယ်ပြီး အလင်းဝင်လာတာပေါ့။ ကျန်းမာရေးဝန်ထမ်းဆိုလည်း ကျန်းမာရေးကား ယူလာတာပေါ့နော် သူလည်းမရရတာယူလာတဲ့သဘောပေါ့” ဟုပြောသည်။

မြို့နယ်ပြည်သူ့ဆေးရုံ ငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဦးနေဇာအောင်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က လူနာတင်ယာဉ် (AMBULANCE) တစ်စီးနှင့်အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုကားကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကဖွင့်လှစ်ထားသော ယင်းမာပင်ခရိုင်ကျန်းမာရေးဆေးရုံသို့ ပေးအပ်လှူဒါန်းလိုက်ကြောင်းသိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် စိုးထက်အောင်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က ၇.၆၂ကျည် ၄၀ တောင့်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ လက်ထိပ်တစ်ခုနှင့် ဆိုင်ကယ်တစ်စီးဖြင့် မိသားစုနှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လိုသည်ဟု ထပ်မံဆက်သွယ်နေသူများလည်းရှိပြီး ယခုအလင်းဝင်ရောက်လာသူများ၏ သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း ရဲဘော်မင်းညိုကဆက်ပြောသည်။

“ဆုကြေးငွေနဲ့ပက်သက်ပြီးတော့ သူ့တို့ပါလာတဲ့ပစ္စည်းအပေါ်မူတည်ပြီးဆုချတာတွေရှိတယ်။ လက်နက်တွေ၊ ပစ္စည်းတွေ မပါရင်တောင် ကျွန်တော်တို့က သူတို့ကိုလူသားဂုဏ်သိက္ခာနဲ့အညီ လူ့အခွင့်ရေး အပြည့်ပေးပြီးတော့မှ သူတို့လိုအပ်တဲ့အရာတွေ သူတို့သွားချင်တဲ့နေရာတွေမှာ လုံခြုံရေးယူပေးထားပြီး နေထိုင်စားသောက် ထောက်ပံ့ပေးတာမျိုးတွေရှိတယ်” ဟုပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် ယင်းမာပင်မြို့ခရိုင်တပ်ရင်း – ၃၀ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADPRA) ထံ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်းငါးဦး အလင်းဝင်လာခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကနီမြို့နယ်ရဲစခန်းတွင် တပ်စွဲထားသော ကလေးမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ ၈၇)တပ်က တပ်ဖွဲ့ဝင်တစ်ဦး လက်နက်များနှင့်အတူ ကျောက်လုံးကြီး – KLG PDF ထံအလင်းဝင်ခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ