စစ်ကောင်စီ၏ မန်နား(ခိုမုန်း)တပ်စခန်းကို ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ လေးနာရီခွဲခန့်က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ယနေ့သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ အဆိုပါတပ်စခန်းမှ ၆၀ မမ အပါအဝင် သေနတ်ငါးလက်၊ ပစ္စတိုတစ်လက်လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်အကျအရှုံးနှင့်ပတ်သက်ပြီး မသိရှိရသေးပါ။

အလားတူ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာနှင့် မန်တတ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ယမန်နေ့ နံနက်က TNLA ကသွားရောက်တိုက်ခိုက်ခဲ့သည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယမန်နေ့အထိ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းပေါင်း ၅၄ ခုရှိပြီဖြစ်သည်။

သတင်း – Dureng

ဓါတ်ပုံ – PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ