တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က ကျောက်မဲမြို့နယ်နှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယမန်နေ့က ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်၊ လယ်ကြီးစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ခုနှစ်ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း မန်တုံမြို့နယ်ရှိ ခိုမုန်း(မန်နား) စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ၆၀ မမနှင့် ၈၀ မမ အပါအဝင် သေနတ် ၁၀ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးကိုလည်းအရှင်ဖမ်းဆီးရမိထားကြောင်း ထုန်ပြန်ချက်တွင်ဖော်ပြထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယမန်နေ့အထိ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းပေါင်း ၅၃ ခုရှိပြီဖြစ်သည်။

သတင်း – Dureng
ပုံ – PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ