နမ့်ခမ်းမြို့နယ်၊ ပန်ကနိုင်းကျေးရွာတွင် တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က မိုင်းဆွဲတိုက်ခဲ့သောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မုန်းဝီ‌ဒေသရှိ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်မည်ဖြစ်ကြောင်း TNLA ထံသတင်းပို့ရန် သွားသည့် လမ်းကြောင်းတွင် မိုင်းဆွဲခံရသောကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့ရှိ KIA နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မုန်းဝီစစ်တပ်ဆိုတာရှိတယ်၊ KIA တွေ သွားတိုက်ယူမယ်လို့ပြောတာကို TNLA က သူတို့တိုက်ယူမယ်ဆိုပြီး နောက်ဆုတ်ပေးလိုက်တာ။ မနေ့တနေ့က အဲ့ဒီစခန်းကို သွားကြည့်ဖို့သွားတဲ့လမ်းမှာ မိုင်းဆွဲခံလိုက်ရတာပေါ့” ဟု ပြောသည်။

အဆိုပါမုန်းဝီစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် TNLA က သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“TNLA တွေက အဲ့ဒီစခန်း သိမ်းလိုက်နိုင်တယ်ဆိုတာလည်း စစ်ကောင်စီတပ်တွေကို တရုတ်ဘက်က ဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့အတွက် တိုက်ပွဲမဖြစ်ဖို့ ပိုက်လိုင်းပျက်ရင် ပြင်ရခက်မယ်ဆိုပြီး ပြောထားလို့ စစ်ကောင်စီတွေက ဘာလက်နက်သံမှ မထွက်ဘဲ ထွက်ပြေးသွားကြတာ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကျဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်နှစ်ဦးမှာ အုပ်ချုပ်‌ရေးအရာရှိ လဆန်ဇော်မွန်းအောင်နှင့် ဒုတပ်ကြပ်အင်ခွန်အောင်မြတ်ဆိုသူဖြစ်ကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် ကိုးကန့်(MNDAA)နှင့် တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိနှိပ်မှုများရှိနေပြီး လူငယ်များကိုလည်း အတင်းအဓမ္မတပ်သားသစ်စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဖာဖိန့်ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။

“အဓိကတော့ MNDAA နဲ့ TNLA တွေပေါ့၊ သူတို့တောင် မရှိခင်ကတည်းက KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေရာတွေမှာ အခုသူတို့ စခန်းသိမ်းနိုင်တော့ နေရာဖယ်ခိုင်းတာတွေ၊ တပ်ဖွဲ့ဝင်တွေကိုလည်း ဖိနှပ်တာတွေ ရှိလာတယ်။ ပြီးတော့ ရွာထဲမှာလည်း ရွာသားတွေကို ခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် မိန်းကလေးနှစ်ယောက်ရှိရင် တစ်ယောက်တပ်ထဲဝင်ရမယ်ဆိုပြီး အတင်းအဓမ္မဖမ်းတော့ သူငယ်အချင်း အများစုတောင် တရုတ်ပြည်ဘက်ပြေးကုန်ပြီ” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း KIA တပ်မဟာ (၁၀) နယ်မြေဖြစ်သည့် ဂန်မိန်းလွယ်ဒေါင်ဒေသဘက်သို့ သွားသည့် KIA တပ်ဖွဲ့ဝင်နှစ်ဦးကို ကိုးကန့်တပ် (MNDAA) က စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ