ကုန်းကြမ်းစခန်းသိမ်းစဉ်က ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းစဉ်သတ်ဖြတ်ခံရသည့် စစ်ကောင်စီဗိုလ်မှူးချုပ်တစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီထံသို့ ပြန်ပေးလိုသည်ဟု ကိုးကန့် (MNDAA) ပြောရေးဆိုခွင့်ရှိသူပြောကြောင်း သိရသည်။

အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ ရုပ်အလောင်းကို ပြန်ပေးလိုသည်ဟု MNDAA က ပြောဆိုကြောင်း ကိုးကန့်သတင်းများတင်ပြလေ့ရှိသည့် The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

“မိမိတို့ဘက်မှအောင်ဇော်လင်း၏ အလောင်းကိုစကစထံ ပြန်ပို့သောဆန္ဒရှိပါသည်။ လက်ရှိ သက်ဆိုင်ရာဌာနနှင့် ဆက်သွယ်သော်လည်း အကြောင်းပြန်ခြင်းမရှိသေးပါ” ဟုပြောထားကြားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ ရုပ်အလောင်းကို ရှောက်ကိုင်ဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို လိုက်လံပစ်ခတ်ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရှီရှမ်းဒေသ၊ လောက်ဖောက်လုပ်နေရာတစ်ကြောနှင့် ရှင်ဝမ့်ဒေသအနီးရှိ မာကြည်ကျိုင့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ပြေး ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်က နှစ်ပေါင်း (၃၀) ခန့် တပ်စွဲခဲ့သည့် မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်း စသည့်နေရာများရှိ တပ်စခန်းများကို ညီနောင်မဟာမိတ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် သေဆုံးသူ၊ လက်နက်ချအညံ့ခံသူနှင့် စခန်းစွန့်ခွာထွက်ပြေးသွားသူအများအပြားရှိခဲ့သည်။

ကုန်းကြမ်းစခန်းသိမ်းစဉ်က ထွက်ပြေးသွားသူများတွင် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ ဌာနချုပ်မှူးလည်းပါဝင်ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစပြီး ယနေ့အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကိုသိမ်းပိုက်ခဲ့ပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စသည့်မြို့နယ် ၅ ခု နှင့် တရုတ်- မြန်မာနယ်စပ်ဂိတ် စုစုပေါင်း ၄ ခုကို ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ကာ နမ့်ခမ်း၊ သိန္ဒီနှင့် သီပေါတို့ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

သတင်း – Dureng
ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ