ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ခွင့်ပြုချက်ရရှိထားသည်ဟုဆိုကာ ဒေသခံများကန့်ကွက်နေသည့်ကြားမှ ရွှေကူမြို့တွင် ရွှေတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ရွှေတူးစက်လှေ ဒေသအခေါ် ရွှေဖောင်များက ဧရာဝတီမြစ်အတွင်း တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့လှည့်လည်ကာ တူးဖော်နေခြင်းဖြစ်ပြီး ဒုတိယမြစ်ကျဉ်းအနီးရှိ သဘာဝအလျောက်ဖြစ်ပေါ်နေသော ရေကြောင်းပြအမှတ်အသား ကြက်တူရွေးနှုတ်သီးနားအထိ လာရောက်တူးဖော်နေကြခြင်းဖြစ်သည်ဟု ဒေသခံလူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ အရှေ့ပတ်က ဇင်းဘုံဘက်တက်သွားတာ အဲ့မှာရွှေမော်တော် သုံး၊ လေးစီးလာမောင်းနေတာ အဲဒီ ကြက်တူရွေးနှုတ်သီးနားမှာ။ ဟိုဘက်ကမ်းမှာ ကပ်ပြီးမောင်းနေတာပေါ့။ အဲဒီလိုမျိုးလုပ်နေတာ အစ်ကိုရေ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး” ဟုဆိုသည်။

KIA တပ်ရင်း ၅ နှင့် တပ်ရင်း ၁၂ ရှိ သက်ဆိုင်ရာများကို အခွန်ငွေပေးဆောင်ကာ ရွှေတူးဖော်သည့်လုပ်ငန်း ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရွှေဖောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ရင်း ၅ ကကျတော့ သူက ခရိုင်ကနေ တိုက်ရိုက်ဆင်းကောက်တာ။ ရင်း ၁၂ ကကျတော့ ဒီတိုင်းပဲ ဂိတ်တွေထိုင်ထားတာ။ အရင်တုန်းက ရေဂိတ်တွေမှမရှိတာ အခုကကျတော့ ရေကြောင်းဂိတ်တွေပါ ထိုင်ထားပြီလေ။ အဲဒါ သူတို့ခွင့်ပြုထားလို့ မောင်းနေ(ရွှေတူးဖော်) နေကြတာပါ့အေ။ ခွင့်မပြုဘဲနဲ့တော့ ဘယ်သူမှမမောင်းရဲကြဘူးလေ” ဟုဆိုသည်။

ရွှေတူးဖော်ရာတွင်အသုံးပြုသည့် စက်အမျိုးအစားပေါ်မူတည်ကာ ငွေကောက်ခံလေ့ရှိပြီး ကျပ်သိန်း ၆၀ မှ ၉၀ အထိပေးရပြီး ချလံဖြတ်ပိုင်းများလည်း ပေးကြောင်း သူကဆက်ပြောသည်။

လက်ရှိရွှေကူမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း‌ ရွှေတူးဖော်နေသူများတွင် ဒေသခံပြည်သူ၊ စစ်ကိုင်းတိုင်းမှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဇင်ဘုံကျေးရွာအရှေ့ဘက်ကမ်းရှိ သစ်တောကြိုးဝိုင်း၏ နှစ်ပေါင်း ၈၀ နီးပါးခန့်ရှိသည့် မျိုးယူစိုက်ခင်းမှ ကျွန်းသစ် အပင် ၅၀ ထက်မနည်းကို KIA တပ်ဖွဲ့ဝင်များက ခုတ်ယူရောင်းချခဲ့ကြောင်း ဇင်းဘုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“သူတို့ခုတ်တဲ့နေရာက သစ်တောကြိုးဝိုင်းရဲ့စိုက်ခင်း မျိုးယူတဲ့စိုက်ခင်းမှာကို ခုတ်တာ တအားကောင်းတယ် သစ်တွေက။ သူတို့ကစိုက်ခင်းမှာခုတ်တဲ့အခါကျတော့ မကောင်းဘူးလေ။ နောက်ပြီးကျနော်တို့ရွာကလည်း မီးလောင်ထားပြီကိုး ရွာအတွက်မသုံးဘူး သူတို့ကခုတ်ပြီတော့ ရောင်းစားတာ” ဟုပြောသည်။

ခုတ်ယူထားသော သစ်လုံးများကို ထိုနေရာတွင် ပျဉ်အဖြစ်ခွဲကာ စက်လှေများဖြင့် သယ်ယူကာ ရောင်းချကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါ ကျွန်းသစ်စိုက်ခင်းမှာ ဇင်းဘုံကျေးရွာ ဧရာဝတီမြစ်အရှေ့ဖက်ကမ်း နောင်မိုကျေးရွာ အထက်ဘက်တွင် တည်ရှိပြီး ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း ၅ နယ်မြေဖြစ်သည်။

ရွှေကူမြို့ ရွှေဘုံသာရပ်ကွက်အရှေ့ဘက်ရှိ ဧရာဝတီမြစ်အတွင်းမောင်းနှင်နေသည့် ဒေသအခေါ် ရွှေမော်တော်လေးစီးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက ရွှေကူမြို့ဆိပ်ကမ်းနှင့် ၂ မိုင်ခန့်အကွာတွင်ရှိသည့် ရေပျံလေးဆိပ်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး မော်တော်ပေါ်ရှိနေသူများကိုဖမ်းဆီးသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရွှေကူမြို့ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းတော်ဘုရားအနီး လာရောက်တူးဖော်ကြသည့် ရွှေမော်တော်များကို သံဃာတော်များအပါအဝင် ဒေသခံပြည်သူများက အကြိမ်ကြိမ်သွားရောက် ကန့်ကွက်ခဲ့ကြသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ