မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အင်အား ၂၀ ခန့်ဖြင့်တပ်စွဲထားသော ဆီဆိုင်ကုန်းကာကင်းစခန်းကို ဒီဇင်ဘာလ ၅ ရက်နေ့က ဝင်ရောက်စီးနင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Depeyin Local Mobile Team – DMLT တာဝန်ခံက The 74 Media ကိုပြောသည်။

“ပထမဦးဆုံး RPG နဲ့ စကစတွေနေတဲ့ တိုက်ခန်းတန်းလျားကို ပစ်ပေမဲ့ RPG အဖူးမကွဲဘူး။ ဒုတိယအကြိမ် RPG ထပ်မံပစ်ခဲ့တယ်။ သူတို့ဘက်ကလည်း ပြန်လည်ခုခံလို့ လက်နက်ချအညံ့ခံဖို့ အော်ဟစ်သတိပေးခဲ့ပေမဲ့ မလိုက်နာလို့ ကျွန်တော်တို့ရဲဘော်တွေ ဝင်ရောက်လုံးထွေးခဲ့တယ်” ဟုပြောသည်။

ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့က ၁၅ မိနစ်ခန့်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိခဲ့သည်ဟု သတင်းပေးများထံကသိရကြောင်း သူကပြောသည်။

စခန်းမှ MA 11 တစ်လက်၊ 5.56 ကျည်ဘောက် ခြောက်ခု၊ 5.56 ကျည် ၅၆၅ ထောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ ဖုန်း ခုနှစ်လုံး၊ ကျည်ကာဦးထုပ် နှစ်လုံး၊ ကျည်ကာအင်္ကျီ နှစ်ထည်၊ Equipment နှစ်စုံ၊ ယူနီဖောင်း လေးစုံ၊ ကျောပိုးအိတ် ခြောက်လုံး နှင့် ဆေးပစ္စည်းမျိုးစုံတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

သွားရောက်တိုက်ခိုက်ရာတွင် Depeyin Local Mobile Team စစ်ဆင်ရေးတာဝန်ခံ ကောင်းကင်ကြီးနှင့် တပ်ခွဲမှူးမိုးကောင်းတို့ ဦးဆောင်ကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် အားမန်သစ်တပ်ဖွဲ့တို့ပါဝင်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ညက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ