ဆားလင်းကြီးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဆားလင်းကြီးမြို့နယ်သမန်းကျားတပ်ဖွဲ့ထံ ယမန်နေ့ည ရှစ်နာရီခွဲခန့်က လက်နက်များနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။

သမန်းကျားတပ်ဖွဲ့ဝင်များနှင့် ဖုန်းဖြင့်ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များက မြို့ပေါ်အထိသွားကြိုခဲ့သည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ တပ်ခွဲ – ၃ သမန်းကျားတပ်ဖွဲ့ခေါင်းဆောင် ကိုမဲကြီးက The 74 Media ကိုပြောသည်။

“ကျွန်တော့်ရဲဘော်တွေနဲ့ ဖုန်းဘယ်လိုအဆက်သွယ်ရလဲတော့မသိဘူး။ ထွက်ပြေးချင်တယ်ပေါ့ အဲ့လိုဝင်လာတာ။ သူထွက်လာတော့ ကျွန်တော်တို့မြို့ထိအောင်သွား၊ သူထွက်လာမဲ့အချိန်ကိုသွားစောင့်နေပြီး ခေါ်ချလာခဲ့တာ။ သူပြောတာက ဟိုထဲမှာနေရတာမွန်းကြပ်လို့တဲ့ လောလောဆယ်တော့ အဲ့တိုင်းပဲပြောတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် အလင်းဝင်လာသည့် အသက် ၂၂ နှစ်ခန့်အရွယ်ရှိ ရဲတပ်သား ကိုဝေလျှံကျော်ကို အပြည့်အဝယုံကြည်ရနိုင်သော အနေအထားမဟုတ်သောကြောင့် လုံခြုံသည့်နေရာထားကာ အခြေအနေစောင့်ကြည့်နေပြီး အလင်းဝင်လာသူနှင့် သက်ဆိုင်သည့် လုပ်ငန်းများဆက်လက် လုပ်ဆောင်နေကြောင်း သူကပြောသည်။

ကိုဝေလျှံကျော်က G3 တစ်လက်၊ MA 4 တစ်လက်၊ ကျည်ဘောက် ငါးခု၊ G3 ကျည် ၁၈၁ တောင့်၊ MA 4 ကျည် ၅၃၆ တောင့်၊ အီနာဂါ ခြောက်လုံး၊ ပို့ကျည် ကိုးတောင့်၊ ၄၀ မမ နှစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ icon တစ်လုံး၊ ကျည်ကာ တစ်ထည်နှင့် ဓားမြှောင် တစ်လက်တို့ကို ယူဆောင်လာကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ်သမန်းကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူ ကိုဝေလျှံကျော် အပါအဝင် လေးဦးရှိပြီဖြစ်ပြီး အရာခံဗိုလ်အဆင့်ရှိသူလည်းပါဝင်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ သမန်းကျားတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့သည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ