ဖားကန့်မြို့နယ်တွင် ဓားပြမှုနှင့် ခြိမ်းခြောက်ငွေညစ်မှုကျူးလွန်ခဲ့သူများနှင့် ဆက်စပ်သည့်အမျိုးသားတစ်ဦးကို KIA က ယမန်နေ့ညနေတွင် ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

လုံးခင်းကျေးရွာရှိ ကျောက်ဝိုင်းတွင် ယမန်နေ့ည ၆ နာရီခွဲခန့်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သည်ဟု ကျောက်အရောင်းအဝယ်လုပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပစ်သွားတဲ့ကားကအမဲရောင်နဲ့ ဟုတ်တယ်။ ဝိုင်းစည်နေတဲ့အချိန်ကြီး သေနတ်သံကတော့ တစ်ချက်ပဲကြားလိုက်ရတယ်။ ပစ်ခံရတဲ့သူကလည်း ကျောက်အရောင်းအဝယ်ပဲလုပ်နေတာ” ဟုပြောသည်။

ပစ်ခတ်မှုကြောင့် ပေါင်တွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားကို အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်တင်ဆောင်သွားပြီးနောက် ည ၇ နာရီခန့်တွင် ကျောက်ဝိုင်းသိမ်းခဲ့ရကြောင်း လုံခင်းဒေသခံ ကျောက်ပွဲစားတစ်ဦးက ပြောသည်။

“သူ့ကိုခေါ်သွားတဲ့နှစ်ယောက် ဆေးခန်းသွားပို့တာလား ဘယ်ကိုခေါ်သွားတာလဲတော့ မသိဘူး။ သွေးတွေတော့ တစ်လမ်းလုံးကျသွားတယ်။ ထွက်ပြေးတာလွန်ပါတယ်ဗျာ၊ တချို့ဆိုကိုယ်ပြနေတဲ့ကျောက်တောင် ပျောက်သွားတဲ့သူရှိတယ်” ဟုပြောသည်။

ပေါင်တွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အဆိုပါအမျိုးသားမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က KIA က ဖမ်းဆီးခဲ့သည့် ဓားပြအဖွဲ့နှင့် ဆက်စပ်ပတ်သက်နေသောကြောင့် ဓားပြဖမ်းဆီးရေးကော်မတီက လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့ညလုံးခင်းမှာဖြစ်သွားတာက ဟိုတစ်လောဖမ်းမိတဲ့ ဓားပြအဖွဲ့ထဲကတစ်ယောက်ကို လိုက်ဖမ်းတာတဲ့ ဖမ်းတဲ့အချိန်ပစ်ခြောက်ပြီးဖမ်းရင်းနဲ့ ခြေထောက်ကိုထိမှန်သွားတာ” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်ကာ အုပ်စုဖွဲ့လုယက်မှုများမကြာခဏဖြစ်ပေါ်နေသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၉) က ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ဓားပြဖမ်းဆီးရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့ နန့်ယားကျေးရွာတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က ငွေကြေးလိုက်လံကောက်ခံနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Pe Ti, Zami
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ