ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်း ၂ ခုပါရှိသည့် စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး နှုးဘူးဗျူဟာကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ လေးရက်နေ့က သိမ်းပိုက်ခဲ့သော တရွန်အိုင်ဗျူကုန်းစခန်းတွင် စစ်ကောင်စီ ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး နှုးဘူးဗျူဟာကုန်းကိုလည်း သိမ်းပိုက်ရရှိနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် ခုခံနေပြီး ယနေ့ နံနက် ၈ နာရီခွဲခန့်ကလည်း တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က Chemical Warfare Agents ဟုခေါ်သော ဓာတုဓာတ်ငွေ့ပါသောဗုံးများအသုံးပြုတိုက်ခိုက်နေကြောင်း ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်စခန်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသော စခန်းပေါင်း ၅၀ ခန့်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ပြီးဖြစ်ကြောင်းဖော်ပြထားသည်။

သတင်း – Dureng
ပုံ – AAInfoDesk

သင့်ထင်မြင်ချက်ရေးပေးပါ