စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံး ယနေ့ နံနက် ၁၀ နာရီခွဲခန့်က တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိ ဖွန်းပြန်ဘွမ်(Hpun Pyen Bum) တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်းက ငှက်ပျောခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း လိုင်ဇာဒေသခံအမျိုးသားတစ်ဦးက The 74 Medi ကို ပြောသည်။

“တရုတ်ပြည်ဘက်ခြမ်းမှာ လက်နက်ကြီးနှစ်လုံးသွားကျတာ။ ဌက်ပျောခြံမှာကျတာဆိုတော့ ထိခိုက်တာတော့ မကြားရသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ည သန်းခေါင်ယံအချိန်ကလည်း ခရစ္စမတ်လအကြို ဝတ်ပြုဆုတောင်းပြုလုပ်နိုင်မည့်အချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က ကန်တော်ယန်ဗျူဟာကုန်းတိုက်ခိုက်သိမ်းပိုက်ခံရချိန်မှ စတင်ကာ လိုင်ဇာမြို့ကို မကြာခဏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း လိုင်ဇာမြို့အနီးရှိ အလန့်ဘွမ်တောင်ကို တစ်ရက်အတွင်းနှစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ