မြစ်ကြီးနားမြို့နယ် မြစ်ကြီးနား – မန္တလေးလမ်းရှိ ရှဒေါင်ကျေးရွာအနီးတွင် ယနေ့နံနက် ရှစ်နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ကြောင်း သိရသည်။

ရှဒေါင်ကျေးရွာအဝင်တံတားအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့အဝင်ဆိုင်းဘုတ်မှ ရှဒေါင်ကျေးရွာအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည်ဟု ရှဒေါင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးတစ်ကြိမ်ပေါက်တာ။ အဲ့တာကြောင့်ထင်တယ်။ လမ်းတစ်လျှောက်စစ်ကောင်စီတွေ လမ်းမပေါ်မှာရှိနေတယ်။ ရှဒေါင်တံတားနားမှာလည်း အားလုံးကိုပိတ်ထားတာ ဘယ်သူမှသွားလို့မရဘူး” ဟုပြောသည်။

တစ်နာရီခန့်ကြာ ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့အဝင်ဆိုင်းဘုတ်မှ ရှဒေါင်ကျေးရွာအဝင်တံတားအထိ လေးမိုင်ခန့်ကွာဝေးပြီး အဆိုပါလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းတည်ရှိသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ငါးမိနစ်ခန့်အကြာတွင် ရှဒေါင်ကျေးရွာအဝင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း မော်ဖောင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကားဖြတ်လာတဲ့အချိန် ရှဒေါင်ကုန်းမှာ မိုင်းဆွဲပေးလိုက်တယ်လို့လည်းပြောတယ်။ အတိအကျတော့ ဘယ်သူမှမမြင်လိုက်ဘူး။ အဲ့ဒါကြောင့် ဖြတ်သွားဖြတ်လာသူတွေကို နန်းကွေ့ချောင်းတံတားမှာ ခဏပိတ်ထားတဲ့သဘောဟုတ်တယ်။ ဗုံးအရင်ပေါက်ပြီး သေနတ်သံတွေပြန်ကြားရတယ်။ အခုထိတော့ ထူးခြားတာမကြားရသေးဘူး” ဟုပြောသည်။

စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ဟုဆိုသော်လည်း The 74 Media က အတည်မပြုနိုင်သေးပါ။

အကျဲကျေးရွာရှိ ရာဘာခြံအနီးတွင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့က စစ်ကောင်စီထောင်ထားသည့်‌ မြေမြုပ်မိုင်းနင်းမိသောကြောင့် အသက် ၁၀ နှစ်ခန့်အရွယ်ရှိ ကလေးတစ်ဦး သေဆုံးခဲ့သည်။

မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကို လက်နက်ကြီးပစ်ခတ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကလည်း မော်ဖောင်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ