မိုးညှင်းမြို့တွင် ယနေ့နက် ကိုးနာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် သားအမိသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်နှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရသည်။

အာလဝီကုန်းရပ်ကွက်တွင်နေထိုင်သည့် သားအမိလေးဦးသည် ထန်းတပင်ကျေးရွာသို့ လမ်းလျောက်သွားနေစဉ် ၎င်းတို့အပေါ်တည့်တည့်တွင်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“အပေါ်ကနေ လမ်းလျှောက်သွားနေတဲ့ကြားထဲပြုတ်ကျတာ။ မိုးပေါ်ကနေလက်နက်ကြီးကျလာတာ ဘယ်သူကပစ်တယ်ဆိုတာမျိုးတော့ အတိအကျမသိရဘူး။ ကလေးနှစ်ယောက် ခြေထောက်ထိထားတယ်။ ဖြတ်ရလောက်မဲ့အခြေအနေရှိတယ်။ တစ်ဦးကကျောနောက်ထိ အူတွေပါထွက်ပြီး အသဲပါထိထားတယ်ဗျ။ အငယ်လေးကတော့ ထိခိုက်ဒဏ်ရာမရှိဘူး” ဟုပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိထားသည့် အသက် ၈ နှစ်အရွယ်နှင့် ၉ နှစ်ကျော်အရွယ် ညီအစ်ကိုနှစ်ဦးမှာ လက်ရှိမိုးညှင်းပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။

မိုးညှင်းတက္ကသိုလ်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း လက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာ၊ ရပ်ကွက် (၁)တွင်လည်း ယမန်နေ့ နံနက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအမျိုးသားတစ်ဦး မိုင်းစထိမှန် သေဆုံးခဲ့သည်။

သတင်း – Dureng
ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ