တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ မွန်းလွှဲ တစ်နာရီခွဲခန့်က ယင်းမာပင်မြို့နယ်မှ ဒေသခံသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

သံပိုကျေးရွာရှိ နေအိမ်တစ်အိမ်၏ လှေကားတွင်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်စကားပြောနေသည့် အမျိုးသမီးသုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ချင်းတွင်းရိုးမ မြေပြင်သတင်းထောက် ကိုမြတ်ကိုက The 74 Media ကိုပြောသည်။

“အရှေ့အုတ်လှေကားအတက်ပေါ့ အဲ့မှာကျတာ။ အဲ့ချိန်မှာ အုတ်လှေကားပေါ်မှာထိုင်ပြီးစကားပြောနေတဲ့ သုံးယောက်သေဆုံးသွားတယ်။ နှစ်ယောက်ကတော့ အဲ့မှာပွဲချင်းပြီးသေသွားတယ်။ တစ်ယာက်ကတော့ ဆေးကုသခံသေးတယ် ပြီးမှဆုံးသွားတယ်” ဟုပြောသည်။

အဆိုပါလက်နက်ကြီးကို ချင်းတွင်းတံတားအနီးရှိ အောင်ဇေယျတပ်ကုန်း (ခေါ်) ရွှေတောင်ဦးကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သံပို(ရွာ)မှာကျတာ လက်နက်ကြီးက ဘယ်နှလုံးလောက်ပစ်လိုက်တာလဲတော့ မသိလိုက်ဘူး။ လက်နက်ကြီးကျတဲ့ အသံတွေတော့ကြားရတယ်” ဟုပြောသည်။

သေဆုံးခဲ့သူသုံးဦးတွင် အသက် ၄၀ နှစ်ခန့်အရွယ်အမျိုးသမီးနှစ်ဦးနှင့် အသက် ၂၀ ကျော်ခန့်အရွယ်အမျိုးသမီးတစ်ဦးတို့ပါဝင်ပြီး ကလေးငယ်လေးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံပိုကျေးရွာသည် ချင်းတွင်းမြစ်ကမ်းဘေး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ခိုးထုတ်နေသည့် စည်သူသစ်ကွင်းအနီးတွင် တည်ရှိသောကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသော ကျေးရွာဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းက ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာတွင်ဒေသခံပြည်သူ ၁၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း – Dureng
ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

သင့်ထင်မြင်ချက်ရေးပေးပါ