မြန်မာနေရှင်နယ်လိဂ်တွင် တစ်ရာသီကစားပြီးသည့်နောက် ရှုံးပွဲအများအပြားနှင့်ရင်ဆိုင်ခဲ့ရသည့် ကချင်ယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် လိဂ် – တူးသို့ တန်းဆင်းကစားရတော့မည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ကိုယ်စားပြုအသင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ရာတွင် ကစားသမားအခက်အခဲနှင့် ပွဲအတွေ့အကြုံမရှိသောကြောင့် တန်းဆင်းခဲ့ရခြင်းဖြစ်သည်ဟု အသင်းခေါင်းဆောင် ကိုမုန်ထွယ်အောင်က The 74 Media ကိုပြောသည်။

“ကစားသမားများသောအားဖြင့်က ကချင်ပြည်နယ်က ကစားသမားတွေများတယ်ဆိုတော့ အတွေ့အကြုံပိုင်းမှာ အရမ်းအားနည်းတယ်။ မြစ်ကြီးနားဘက်က အတွေ့အကြုံတွေလောက်နဲ့ မလုံလောက်ဘူး။ ပြီးတော့နိုင်ငံခြားသားကစားသမားပေါ့၊ အစမှာသုံးယောက်ခေါ်ထားတယ် ဒါပေမဲ့ဗီဇာ အခက်အခဲကြောင့်ပြန်သွားတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် တန်းဆင်းအဆင့်သို့ရောက်ရှိခဲ့သောကြောင့် လာမည့်ရာသီအတွက် နည်းစနစ်၊ ကစားသမားနှင့် စည်းမျဉ်းစည်းကမ်းများပြောင်းလဲပြီး အသင်းပိုမိုတိုးတက်ကောင်းမွန်သွားအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ပြုပြင်ရမဲ့အချက်တွေ၊ ပြင်ဆင်ရမဲ့အပိုင်းတွေအများကြီးရှိတယ်။ နောက်နှစ်တွေမှာက လက်ရှိပုံစံမျိုး မဟုတ်ဘဲ စနစ်ကအစ စည်းမျဉ်းစည်းကမ်းပိုင်းနဲ့ ကစားသမားအပြောင်းအလဲ အများကြီးလုပ်သွားဖို့က မြင်နေရတာပေါ့” ဟုပြောသည်။

ကချင်ပြည်နယ်တွင် အရည်အချင်းရှိသည့် ကစားသမားများစွာရှိသော်လည်း မိသားစုအခက်အခဲကြောင့် ဘောလုံးကစားခြင်းကို စွန့်လွှတ်သောသူ အများအပြားရှိနေသဖြင့် ကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် သက်ဆိုင်ရာဌာနများအနေဖြင့် အခွင့်အလမ်းကောင်းများနှင့် ထောက်ပံ့ကူညီမှုများ ပေးစေလိုကြောင်း သူကပြောသည်။

ကချင်ယူနိုက်တက်အသင်းအနေဖြင့် ယခုရာသီတွင် မြန်မာနေရှင်နယ်လိဂ်မှ တန်းဆင်းရမည်ဖြစ်သဖြင့် လာမည့်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် – တူးတွင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ – ၂၀၂၃ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အသင်းအနေဖြင့် ပွဲ ၂၀ ကစားအပြီး နှစ်ပွဲနိုင်၊ လေးပွဲသရေနှင့် ၁၄ ပွဲရှုံးရလဒ်သာ ရရှိခဲ့ပြီး ရှမ်းယူနိုင်တက်အသင်းက ၁၈ ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရုံးပွဲမရှိသောကြောင့် ရမှတ် ၅၆ မှတ်ဖြင့် ဇယားထိပ်တွင်ဦးဆောင်နေသည့်အပြင် လေးနှစ်ဆက်တိုက် ချန်ပီယံဖြစ်မည့်အလားအလာရှိနေသည်။

မြန်မာနိုင်ငံတွင် ပရိုစနစ်ဖြင့်ဘောလုံးပြိုင်ပွဲကျင်းပခြင်းကို ၂၀၀၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ စတင်ကာ မြန်မာနယ်ရှင်နယ်လိဂ်အမည်ဖြင့် စတင်ခဲ့ပြီး တန်းတက်၊ တန်းဆင်းစနစ်ကို ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကျင့်သုံးခဲ့သည်။

သတင်း – Dureng
ပုံ –

သင့်ထင်မြင်ချက်ရေးပေးပါ