ဝိုင်းမော်မြို့နယ်ရှိ ဦးရွှေမင်းဦးဆောင်သည့်ပြည်သူ့စစ်စခန်းကို ယနေ့ နံနက် ၄ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောင်မြေ (၁) ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို မိနစ် ၂၀ ခန့်ကြာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိနိုင်သည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“အထဲမှာဘယ်လိုဖြစ်တာတော့မပြောတတ်ဘူး။ ကျွန်တော်တို့ကမိုးမလင်းခင်ပြန်သွားပြီလေ။ ထိခိုက် သေဆုံးတာတွေတော့များတယ်လို့ ကြားရတယ်။ ရွာကဆေးဆရာမတွေကိုတောင် လိုက်ခေါ်တယ်လို့ ကြားရတယ်။ ဒဏ်ရာရ၊ ထိခိုက်တာတွေကို ခ.မ.ရ (၃၂၁) ကိုသယ်သွားတယ်လို့ ပြောကြတယ်။ အဲ့မှာက တပ်ရင်းဆေးခန်းရှိတယ်လေ” ဟုပြောသည်။

ပြည်သူတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူ ရှိ၊ မရှိနှင့် ပတ်သက်ပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

KIA တပ်ဖွဲ့ဝင်က လာရောက်ပစ်ခတ်ပြီးနောက် ပြည်သူ့စစ်စခန်းအနောက်ဘက် တစ်ဖာလုံကျော်ဝေးသည့် အောင်မြေ (၁) ကျေးရွာ၊ ရပ်ကွက် (၁) တွင်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လီဆူရပ်ကွက်ဘက်ကျတာ၊ ဘယ်ဘက်ကပစ်တာလဲတော့မသိဘူး။ မိုးလင်းပြီး မျက်နှာသစ်နေတဲ့အချိန် ဖြစ်သွားတာ။ သူကကျွန်တော်နဲ့တောင် ဟိုနေ့ကလက်ဖက်ရည်ဆိုင်ထိုင်သေးတယ်။ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံး ပျက်စီးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၄၆ နှစ်ခန့်အရွယ်ရှိ ဦးလာဆာယူဆိုသူဖြစ်ပြီး အသက် ၁၇ နှစ်ခန့်အရွယ်ရှိ သားဖြစ်သူမှာလည်း နဖူးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝူယန်ကျေးရွာအုပ်စု ဆယ်မြောင်းအနီးရိ ထော့ဂေါရပ်ကွက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း လည်ပင်းတွ၍် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။

ဝိုင်းမော်မြို့နယ် စန်းခါးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပတ်ကင်းပတ်နေသည့် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့များက လမ်းလျှောက်လာသည့် အမျိုးသားနှစ်ဦးကို ရပ်ရန်ပြောချိန် မရပ်ပေးသောကြောင့် ပစ်ခတ်ရာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ