မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှ အမျိုးသားတစ်ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ခုနှစ်ရက်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က အေးမြသာယာရပ်ကွက်သို့အလုပ်သွားမည်ဟုဆိုကာ နေအိမ်မှထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက The 74 Media ကို ပြောသည်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်ကို အလုပ်သွားတာ၊ ပုံမှန်ပါပဲ စကားလည်း မများဘူးဆိုတော့။ အဲ့နေ့ကတည်းက ပျောက်နေတာ အခုထိလည်း ဖုန်းဆက်မရဘူး။ သူ့အလုပ်က အေးမြသာယာက Glory ဘားလမ်းကြားက ကုန်ကားကြီးဂိတ်မှာလုပ်တာလို့ ပြောတယ်” ဟု ပြောသည်။

အလုပ်လုပ်သည့်နေရာနှင့် သွားလာတတ်သောနေရာများတွင် ရှာဖွေခဲ့သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“အခုထိ အဆက်အသွယ်မရသေးဘူး။ ဖုန်းစက်ပိတ်ထားတယ်။ ရုံးကိုသွားပြီးမေးပေမဲ့ ရုံးမလာတာ သူပျောက်သွားတဲ့နေ့ကတည်းကပဲ။ သူ့မိန်းမလည်း ကလေးမွေးထားတာ နှစ်လပဲရှိသေးတယ်၊ ကလေးလည်း ဖျားနေလို့ စိတ်ပူနေကြလို့ပါရှင့်” ဟုပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဦးသီဟသူဆိုသူဖြစ်ပြီး နေအိမ်မှ ထွက်ခွာစဉ် ရှပ်အင်္ကျီလက်ရှည် အနီကွက်ကိုဝတ်ဆင်ထားကြောင်းသိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လူပျောက်တိုင်ကြားထားပြီး တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၉၇၆၈၄၄၄၄၂ ကို ဆက်သွယ်စေလိုကြောင်း မိသားစုဝင်များက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဒူကထောင်ရပ်ကွက် နယ်မြေ (၁) ရှိ မိဘမဲ့ဂေဟာမှ အသက် (၁၉) နှစ်အရွယ်ကျောင်းသူကို အပြင်မှ မိန်းကလေးတစ်ဦးက လာရောက်ခေါ်ယူ ထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားကာ ပျောက်ဆုံးခဲ့သည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ