မိုးညှင်းမြို့နယ်၊ ဘီလူးမြို့အနောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ယနေ့နံနက် ၁ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အုန်းစံဆိုင်ကျေးရွာ ရေအားလျှပ်စစ်အထက်ဖက်ရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန်ကာကွယ်ရေးစခန်းကုန်းကို သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကောင်စီရဲ့လေကာကုန်း။ အဲဒါက လိုင်ဇာထိတောင်ပစ်နိုင်တယ်။ တစ်ချိန်က မြောက်ကိုးရီးယားတို့က လာပြီးတော့ တည်ဆောက်ပေးခဲ့တဲ့ကုန်းဟုတ်တယ်။ အဲဒီလေကာကုန်းကို ကျွန်တော်တို့သိမ်းပြီး ထိုင်လိုက်တာတော့ မဟုတ်ဘူး။ ယူစရာရှိတာတွေယူပြီးတော့ အောင်မြင်စွာပြန်ဆုတ်ခွာခဲ့တာပေါ့နော်” ဟုဆိုသည်။
KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၃၅၊ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ နှင့် KPDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် နှစ်ဖက်အထိခိုက်အကျအဆုံးမရှိဘဲ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းအနီးတွင် ယနေ့ နံနက် ၂ နာရီခန့်အထိ လက်နက်ကြီးသံများကြားခဲ့ရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်က နန့်မွန်း – ဘီလူးလမ်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒရုန်းနဲ့ လက်နက်ကြီးတွေထုပြီး မနက်ကြတော့ လမ်းပိတ်ထားတယ်။ မနက်က လယ်တောသွားတဲ့လူတွေကို စစ်တပ်ကလမ်းပိတ်ထားပြီး မနက် ၉ နာရီခွဲလောက်မှာတော့ ပြန်ဖွင့်ပေးတယ်” ဟုဆိုသည်။
အဆိုပါ စစ်ကောင်စီလေကာကုန်းမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို စိစစ်နေဆဲဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးတွင်အသုံးပြုသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများပါဝင်ကြောင်း ကနဦးသိရသည်။
မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အရှေ့တောင်ဘက် မဖျင့်ကျေးရွာအနီးရှိ ဒေသအခေါ် စပါးကုန်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
သတင်း – Thu Ta
သင့်ထင်မြင်ချက်ရေးပေးပါ