မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စုရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ပေ ၂၀၀ ပတ်လည်ခန့် အကျယ်ရှိသည့် ကျင်းနက်များတူးကာ စက်ယန္တရားကြီးများဖြင့် ဆူညံစွာရွှေတူးဖော်မှုနေသောကြောင့် ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သိရသည်။

လမုန်းဇွပ်ကျေးရွာတွင် ဘက်ဟိုးကြီးများဖြင့် ညသန်းခေါင်ယံအချိန်အထိ ရွှေတူးဖော်ရာမှ ထွက်ပေါ်လာသည့် ကျောက်ခဲလိမ့်ကျသံမှာ အိပ်မပျော်သည်အထိ ဆူညံသည်ဟု မော်တောင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကျွန်တော်တို့ဘက်ကအရမ်းကြားရတယ်၊ အသံလည်းအရမ်းကျယ်တယ်။ အိပ်မရဘူး။ နေ့ဘက်တော့ မကြားရဘူး၊ ညဘက်ဆိုရင် လန့်တောင်လန့်တယ် တစ်ခါတလေ။ အနီးအထိ မသွားဖူးတော့ ဘယ်လိုလုပ်နေတာတော့မသိရဘူး။ သူတို့ကိုယ်ရေးကိုယ်သာဝမ်းစာအတွက် ကျွန်တော်တို့က ခံစားနေရတာပေါ့၊ မြစ်ဘေးတစ်လျှောက်နေထိုင်သူတွေပိုကြားရတယ်” ဟုပြောသည်။

အဆိုပါနေရာတွင် ရွှေတူးဖော်နေသည်မှာသုံးပတ်ခန့်ရှိပြီဖြစ်ပြီး အသံအလွန်ဆူညံသဖြင့် ဒေသခံများအခက်တွေ့နေရသည့်အပြင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ မြေများဆုံးရှုံးသွားမည်ကို စိုးရိမ်ကြောင်း လမုန်းဇွပ်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အာဏာရှိတဲ့လူတွေလုပ်စားတော့ဘာမှမတတ်နိုင်ဘူးပေါ့။ သူတို့ရွှေမျောချတာ ကျောက်ခဲကျသံက သေနတ်၊ ဗုံးသံတွေနဲ့တောင် ခပ်ဆင်ဆင်တူတယ်။ တစ်ခါတလေ လေကဒီဘက်တိုက်ရင်ပိုဆိုးတယ်။ သူတို့ရဲ့ကားတွေက ရွာလယ်ကိုဖြတ်မောင်းတော့ ဖုန်တွေလည်းအများကြီးအဆင်မပြေဘူး။ ရေကြီးလာရင်လည်း ဒေသခံတွေပဲဒုက္ခရောက်မှာ” ဟုပြောသည်။

လက်ရှိ ဘက်ဟိုးငါးစီးနှင့် မြေသယ်ကား ၁၀ စီးကျော်ဖြင့် ဧရာဝတီမြစ်နှင့် လမုန်းဇွပ်ကျေးရွာ အကြားတွင် တူးဖော်နေခြင်းဖြစ်ပြီး အကျယ်ပေ ၂၀၀ ပတ်လည်ခန့်ဖြင့် တွင်းနက်ကြီးတူးထားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က စက်ယန္တရားကြီးများဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း ရွှေတူးဖော်ခြင်းကို ပိတ်ပင်ထားသောကြောင့် သွားရောက်ပြောဆိုရာတွင် ဦးရွှေမင်း၏လူများဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရွှေမင်းလူတွေနဲ့ တခြားလောပန်းတွေပေါင်းပြီးလုပ်တာနေမှာ KIA ဆလန်ကဘာတွေ မတူးဖို့သွားပြောတော့ KIA မထင်ဘဲ အဲ့မှာလုပ်နေတဲ့ အလုပ်သမား တစ်ယောက်က ရွှေမင်းရဲ့လူတွေလုပ်တာ ဘာဖြစ်ချင်လဲလို့ပြောခဲ့တာတဲ့။ နောက်မှ KIA အရာရှိတွေဟုတ်တယ် ရပ်ဖို့လာတားတာလို့ပြောမှ ပြန်ညှိရအောင်ဆိုပြီးပြောလာတယ်လို့ပြောတယ်” ဟုပြောသည်။

ယခုကဲ့သို့ တွင်းနက်ကြီးများတူးကာ စက်ယန္တရားကြီးများဖြင့် တူးဖော်နေသောကြောင့် ဒေသခံပြည်သူများက ခြံဝင်မြေနေရာများ ပါသွားမည်ကို စိုးရိမ်နေပြီး ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များအတွက်လည်း စိုးရိမ်မှုများရှိကြောင်းပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ မြစ်ကြီးနားမြို့နှင့် တန်ဖြဲ (မြစ်ဆုံ) ကျေးရွာကြားရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ရွှေတူးဖော်မှု ပိုမိုများပြားလာပြီး ပြီးခဲ့သည့် ဇူလိုင်လကလည်း လမုန်းဇွပ်ကျေးရွာတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုးနှင့် မြေသယ်ကားကြီးများကို စစ်ကောင်စီတပ်က နှစ်ကြိမ်ဖမ်းဆီးခဲ့သည်။

 

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ