ဖားကန့်မြို့ မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီများက ကျောက်မျောတိုက်ရာမှ စီးကျလာသော ရေများကို ဥရုချောင်းအတွင်းသို့ ဖောက်ချထားပြီး ချောင်းအတွင်းမြေစာများဖို့ကာ သွားလာနေသောကြောင့် ချောင်းတိမ်ကောလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ဒေသခံပြည်သူများဖြတ်သန်းသွားလာနေသောလမ်းတွင် ကျောက်မျောတိုက်သည့် ရေများအဆက်မပြတ်စီးကာ ထိုလမ်းအတိုင်း ချောင်းအတွင်းဝင်ရောက်နေသောကြောင့် ရွံ့လမ်းများဖြစ်ကာ ပျက်စီးနေသည်ဟု မလန်းကျေးရွာဒေသခံ အသက် (၃၈) နှစ်ခန်အရွယ်ဒေသခံအမျိုးသားတစ်ဦးကThe 74 Media ကိုပြောသည်။

“မျောစင်ကနေ တစ်ခါတည်းဖောက်ချထားတယ်။ မိုးရွာလို့ချောင်းရေစီးလာသလိုပဲ ရေအားကသန်တယ်။ ဆိုင်ကယ်တောင် သွားလို့မရတော့ဘူး။ မလန်းဘက်သွားချင်တယ်ဆိုရင်နမ္မဖြစ်ကျေးရွာကနေပဲ တံတားခပေးပြီးဖြတ်နေရတာပေါ့။ အဓိက ကျောက်မျောမတိုက်စေချင်တာ အမှန်ပဲ” ဟုပြောသည်။

အဆိုပါလမ်းမှာ မလန်းကျေးရွာနှင့် မှော်စီစာကျေးရွာကြားရှိ ဥရုချောင်းအတွင်းမှ ဖြတ်ကာ နှစ်စဉ်ပွင့်လင်းရာသီတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာနေသောလမ်းဖြစ်သည်။

ထို့အပြင် ကျောက်စိမ်းကုမ္ပဏီအချို့ကလည်း မြေစာသွန်ရန်အတွက်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ဥရုချောင်းအတွင်း မြေစာများဖို့ကာ မြေစာကားများဖြတ်သန်းသွားလာနေသဖြင့် ချောင်းအချို့နေရာများတွင် ကုန်းများဖြစ်ပေါ်နေကြောင်း နမ္မဖြစ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ချောင်းရေကတော်တော်လေးကို တိမ်သွားပြီဗျ။ ကားအစီးရေ နှစ်ဆယ်ကျော်လောက်ရှိမယ် ချောင်းထဲကို ဖို့ထားတာကလေ။ သူတို့ဝင်းထဲကမြေစာတွေကို မလန်းကျေးရွာဘက်ကို သွားပစ်မှာကြောင့်လို့သိရတယ်” ဟုသူကပြောသည်။

ချောင်းအနီးရှိ ကျောက်စိမ်းကုမ္ပဏီများကလည်း နံနက် (၆) နာရီမှ ညသန်းခေါင် (၁၂) နာရီအထိ ကျောက်မျောတိုက်လေ့ရှိပြီး အဆိုပါလုပ်ငန်းတွင် အသုံးပြုသောရေစုပ်စက်အသံမှာ အလွန်ဆူညံကြောင်း မှော်စီစာကျေးရွာနေ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

“ရေစုပ်စက်အသံကပိုကျယ်တယ်ဗျ (7C) အမျိုးအစားစက်ကြီးတွေလေ။ ဥရုချောင်းရေကျသွားရင် ဖြတ်နေကျလမ်းကိုလည်း သူတိုရဲ့မျောတိုက်ပြီးကျလာတဲ့ရေတွေ ဖောက်ချထားပေးတယ်။ လမ်းကလုံးဝစုတ်နေတာဟုတ်တယ်” ဟုသူကပြောသည်။

လက်ရှိချောင်းအနီးကျောက်မျောတိုက်နေသော JK ကုမ္ပဏီက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး လုပ်ငန်းဆိုဒ်အနီးတစ်ဝိုက်ကိုလည်း အမဲရောင် တာလပတ်များဖြင့် ကာထားကြောင်း အမည်မဖော်လိုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

“စစ်သားတွေလာစစ်မှာကြောင့်လို့ ကာတာဗျ။ လတိုင်းအခွန်တွေဆောင်ရတယ်။ အခုရေဖောက်ချတာကလည်း သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို ပြောပြီးမှသာလုပ်နေတာပါ” ဟုပြောသည်။

မှော်စီစာကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီအများစုက ကျောက်မျောတိုက်ပြီးကျလာသည့်ရေများကို ဥရုချောင်းအတွင်းသို့ ဖောက်ချထားကြပြီး ဥရုချောင်းသန့်ရှင်းရေးမလုပ်ပေးဘဲ ချောင်းတစ်လျှောက်တွင်လည်း မြေစာစွန့်ပစ်မှုများလာသဖြင့် ဒေသခံပြည်သူများက နှစ်စဉ်ရေဘေးဒုက္ခကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများကပြောသည်။

ချောင်းအတွင်း ယခုကဲ့သို့ကျောက်မျောတိုက်သည့် ရေများဖောက်ချထားသည်နှင့်ပတ်သက်ပြီး မှော်စီစာကျေးရွာ အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူကို မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပါသော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဥရုချောင်းတစ်လျှောက်တွင် ကျောက်မျောတိုက်ခြင်းအပြင် (၂၀၂၂) ခုနှစ်အောက်တိုဘာလမှစတင်ကာ မြေစာသွန်ခြင်းများပြုလုပ်နေသဖြင့် နှစ်စဉ်မိုးရာသီတွင်‌ ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် လုံးခင်း၊ မှော်စီစာ၊ မြို့မနှင့် ငှက်ပျောတောရပ်ကွက်များတွင် ရေဝင်ရောက်သောကြောင့် ဒေသခံပြည်သူ နှစ်ထောင်ခန့်မှာ ရေဘေးဒုက္ခကြုံတွေ့နေရသည်။

ဖားကန်မြို့ လုံးခင်းကျေးရွာတွင် ယခုနှစ် ဇွန်လ (၂၂) ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသဖြင့် ဥရုချောင်းရေတက်လာကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

သတင်း – Pe Ti

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ