စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံလေးဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

ထန်းတပင်ကျေးရွာကို အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နေ့လယ်မှစတင်ကာ ယနေ့အထိမီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထန်းတပင်က တမူးနဲ့ ပန်းသာကြားက ဖြတ်တောက်ရေးလုပ်တဲ့ရွာ ဖြစ်သွားတာပေါ့ဗျာ။ မီးရှို့တာက မနေ့ကတည်းကရှို့တာ။ မနေ့ကရှို့ပြီးတော့ ကျန်တဲ့အိမ်တွေကို ဒီကနေထပ်ရှို့တဲ့သဘောပေါ့ဗျာ။ အဝေးကမြင်ရတာဆိုတော့ အတိအကျတော့ပြောလို့မရဘူး။ သေချာတာကတော့ တစ်ရွာလုံးကို ရှို့တာပဲ” ဟုဆိုသည်။

ဒေသခံဈေးသည်အချို့ကို သတ်ဖြတ်သွားပြီး ပြည်သူတစ်ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တမူးခရိုင် တပ်ရင်း (၄) စစ်ကြောင်းမှူး ကိုခန့်လင်းကပြောသည်။

“ခြေကျင်နဲ့လှည့်ပြီးဈေးရောင်းတဲ့ ဈေးသည်တစ်ချို့ကိုလည်း ပစ်သတ်သွားတယ်။ ရွာသားအားလုံးပေါင်း လေးဦးပစ်သတ်သွားတယ်ပေါ့။ လေးဦးကိုပစ်သတ်သွားပြီး တစ်ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဗျာ၊ ပြီးတော့ကျွန်တော်တို့ပထမ စခန်းချပြီးနေခဲ့တဲ့ နေရာတွေလိုက်ပြခိုင်းတာတွေရှိတယ်ဗျာ” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ထန်းတပင်ကျေးရွာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ဘုန်းကြီးကျောင်းတွင် လူသားဒိုင်းကာအဖြစ်ဖမ်းဆီးထားပြီး အသက် ၁၄ နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးလည်း ပျောက်ဆုံးနေကြောင်း သူကပြောသည်။

အင်အား ၂၀၀ ခန့်ပါရှိသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွင် ပျူစောထီးတပ်ဖွဲ့၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ကသည်းလက်နက်ကိုင်အဖွဲ့ (UNLF)နှင့် ဇိုမီးတော်လှန်ရေးတပ် (ZRA) တို့ပါဝင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။

ထန်းတပင်ကျေးရွာ စာသင်ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ပြီး ပျူစောထီးခေါင်းဆောင် ကြံခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်အပါအဝင်နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။

တမူးမြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး ခမ်းပတ်မြို့ကိုလည်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ