ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ညနေ ၅ နာရီခွဲခန့်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU က ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၅၉၉)၊ ခ.မ.ရ (၅၉၀)၊ မုန်းမြို့မ ရဲစခန်းနှင့် တံတားထိပ်ဂိတ်တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ည သန်းခေါင်အချိန်မှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ညနေတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တပ်ရင်းမှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြား လက်နက်ချအညံ့ခံခဲ့ပြီး လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

သတင်းအပြည့်အစုံကိုလည်း မကြာမှီတွင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းနှင့် ဒေသခံပြည်သူများ၏ လုပ်ငန်းခွင်များသို့ မကြာခဏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် သေဆုံးမှုများရှိခဲ့သဖြင့် ပြည်သူလူထုများ၏ သဘောဆန္ဒနှင့်အညီ တိုက်ခိုက်ချေမှုန်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ