မိုဘိုင်းလ်နှင့် ဖိုင်ဘာအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် အချိန်ကြာမြင့်လာသဖြင့် မြစ်ကြီးနားမြို့မှ ကျောင်းသားများ၊ အွန်လိုင်းဈေးသည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဈေးဆိုင်များ အခက်အခဲကြုံနေရကြောင်း သိရသည်။

ငွေကြေးပေးသွင်းကာ အွန်လိုင်းမှ သင်တန်းများတက်ရောက်နေသော်လည်း အင်တာနက်လိုင်း ဖြတ်တောက်ခံရသောကြောင့် သင်တန်းများရပ်နားထားရသည်ဟု ကျောင်းသားမိဘတစ်ဦးက The 74 Media ကိုပြောသည်။

“သားက လိုင်းကနေ အင်္ဂလိပ်ကျောင်းတက်နေတာ အင်တာနက်ပြတ်သွားကတည်းက နားထားရတာ အခုချိန်ထိပဲ။ ကျောင်းခတွေအကုန်သွင်းပြီးပေမဲ့ နားထားရတယ် သူတို့ဘက်ကလည်းငွေပြန်အမ်းတာမျိုး မရှိဘူးလေ။ လိုင်းပဲအမြန်ပြန်ရချင်တယ် ကလေးတွေရဲ့ပညာရေးဆိုတော့ အခုခေတ်က IT (နည်းပညာ) ခေတ်ဆိုတော့ အပြင်ကျောင်းတက်သလို အင်တာနက်နဲ့တက်ရတာတွေလည်း ရှိတယ်လေ” ဟုပြောသည်။

နိုင်ငံခြားကျောင်းဆက်တက်ရန် သင်တန်းများတက်ရောက်ပြီး ပြင်ဆင်နေသော်လည်း အင်တာနက်လိုင်း ပြတ်တောက်နေသောကြောင့် သင်ခန်းစာကိုကောင်းမွန်စွာ သင်ကြားခွင့်မရသဖြင့် စိုးရိမ်မှုများရှိနေကြောင်း ထိုင်ဝမ်သို့ကျောင်းသွားတက်ရန်ပြင်ဆင်နေသည့် ကျောင်းသူတစ်ဦးကပြောသည်။

“စာမေးပွဲလည်းနီးနေပြီဆိုတော့ ဆရာ၊ ဆရာမတွေနဲ့ ထိတွေ့မှုက မရှိသလောက်ဖြစ်နေပြီ။ ကြောက်တောင် ကြောက်လာသလိုပဲ။ ညီမနဲ့အတူတက်နေကြတဲ့ သူငယ်ချင်းတွေလည်းအတူတူပဲ၊ တခြားကိုးရီးယားဘက် သွားတက်ဖို့လုပ်နေကြတဲ့ သူငယ်ချင်းတွေလည်း အဲ့လိုပဲဖြစ်နေကြတာ သူတို့ဆို စာမေးပွဲက နောက်လထဲရှိနေပြီ” ဟုပြောသည်။

ငွေလွှဲ ငွေထုတ်လုပ်ငန်းလုပ်ကိုင်နေကြသည့် ဖုန်းဆိုင်များတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းကြောင့် ငွေလွှဲလုပ်ငန်းရပ်နားထားသည့်အချိန်များလည်းရှိကြောင်း ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“လိုင်းတော့သိပ်မကောင်းပါဘူး အဝိုင်းလည်နေတာကိုတော့ စောင့်ယူရတာပေါ့။ ရတဲ့အချိန်လုပ် မရရင်ရထားရတာပေါ့။ အရင်ရက်တွေက Ooredoo ပြန်ရပြီဆိုပြီး ကဒ်တွေအများကြီးပြန်မှာထားမှ ရောက်လည်းရောက်လာရော ပြန်မရတော့ ရောင်းလည်း မရောင်းရဖြစ်နေတာ။ အစပိုင်းတော့ လကုန်ပိုင်းလောက်မှာ လိုင်းပြန်ရတော့မယ်ပြောကြပြီး ခုနောက်ပိုင်းကျ ဘာမှမပြောကြတော့ဘူး မရနိုင်လို့နေမယ်” ဟု ပြောသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင် တိုက်ရိုက်ထုတ် (live) လွင့်ကာ ဈေးရောင်းချသည့် မြစ်ကြီးနားမြို့မှ အွန်လိုင်းဈေးသည်များလည်း လုပ်ငန်းရပ်နားထားရပြီး အခြားနိုင်ငံများမှ ကုန်ပစ္စည်းများဝယ်ယူရာတွင်လည်း ငွေပေးချေရန် ခက်ခဲနေသောကြောင့် ရေရှည်လည်ပတ်နိုင်ရန် စိုးရိမ်ကြောင်း အွန်လိုင်းတွင်အထည်ရောင်းချသူတစ်ဦးကပြောသည်။

“တရုတ်ပြည်ဘက်ကနဲ့ ထိုင်းဘက်ကမှာတာဆိုတော့ wechat တွေလည်း သုံးလို့အဆင်မပြေ၊ လိုင်းရဖို့ ညနက်အထိစောင့်နေရတာ။ အဲ့ချိန်ရောက်တော့လည်း ရတဲ့ညမှရတာဆိုတော့ အခုလိုပဲဖြစ်နေရင် အရင်လိုရောင်းရတာလည်းမဟုတ်တော့ ပစ္စည်းသစ်မှာဖို့ကခက်၊ မှာလည်းအရမ်းမမှာရဲဖြစ်နေတာ။ ဘယ်လိုပြောရမယ် မှန်းတောင်မသိတော့ဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ကာ ဖိုင်ဘာအင်တာနက်လိုင်းများပြတ်တောက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် မိုဘိုင်းလ်ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကာ လက်ရှိအချိန်တွင် မိုဘိုင်းလ် အင်တာနက်လိုင်းများ အနည်းငယ်ပြန်လည်ရရှိလာပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖိုင်ဘာကြိုးများပြတ်နေပြီး ပြန်လည်ပြုပြင်ရန်လည်း အခက်အခဲများရှိနေသောကြောင့် အင်တာနက်လိုင်းများပြတ်တောက်နေရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က ကချင်ပြည်နယ်အခြေစိုက် မနောင်လင့် (Manau Link) ဝိုင်ဖိုင်ရုံးမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်ရေးတင်းမာနေသည့် နေရာများတွင် ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ