နမ့်ယားကျေးရွာအတွင်း ငွေကြေးလိုက်လံကောက်ခံနေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး ယမန်နေ့ မွန်းလွှဲ ၁၂ နာရီခွဲခန့်က ထမင်းဆိုင်တစ်ဆိုင်တွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးက နမ့်ယားကျေးရွာအဝင်ရှိ ထမင်းဆိုင်တွင်ထိုင်နေချိန် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု နမ့်ယားဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ့စစ်နှစ်ယောက်က တပ်စခန်းမှာပဲမနေဘဲ ရွာမှာလျှောက်သွားတာ။ ပြီးရင် ကားသမားတွေဆီက ပိုက်ဆံတွေလိုက်တောင်းတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့လူတွေဆီကလည်း ပိုက်ဆံတွေ တောင်းစားတာ။ အသစ်ဖွင့်ထားတဲ့ထမင်းဆိုင်မှာထိုင်နေတဲ့အချိန်ပစ်ခံရတာ” ဟုပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သေနတ်ရမ်းသမ်းပစ်ခတ်သည့်အသံများ ကြားခဲ့ရကြောင်း အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သေနတ်သံတွေတော့ကြားလိုက်ရတယ်။ ဆိုင်ကယ်နဲ့လာပစ်ပြီးပြေးသွားတာတဲ့။ တိုက်ပွဲဖြစ်သလိုမျိုးတော့မဟုတ်ဘူး။ စစ်တပ်ကထိလို့နောက်ကနေပြန်လိုက်ပစ်တာမျိုးတော့ ရှိတယ်” ဟုသူကပြောသည်။

စစ်ကောင်စီတပ်က နမ့်ယားကျေးရွာတွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ယမန်နေ့ မွန်းလွှဲပိုင်းမှ စတင်ကာ ယနေ့အထိ ခရီးသည်ကားများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း အသက် (၂၆) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တစ်ဦးစိုးရိမ်ဒဏ်ရာနဲ့ ကျန်တစ်ဦးကတော့ လက်မောင်းဒဏ်ရာတွေရသွားတယ်လို့ အကြမ်းဖျင်း သိထားရတယ်။သူတိုပစ်ခံရပြီးတာနဲ့ လာသမျှခရီးသည်ကားတွေကို စစ်နေတာဒီနေ့အချိန်ထိပဲ” ဟုသူကပြောသည်။

ပစ်ခတ်ခံခဲ့ရသူနှစ်ဦးမှာ ကာမိုင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟုသိရပြီး တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင်သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသော်လည်း The 74 Media ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအနီးရှိ ပြည်သူ့စစ်စခန်းတစ်ခုကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။

ဖားကန့်မြို့ မအူပင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Doi Awng, Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ