ဝိုင်းမော်မြို့နယ်၊ ဝူယန်းအုပ်စု ဆယ်မြောင်းအနီးရှိ ထော့ဂေါရပ်ကွက်တွေ ယနေ့နံနက် ၇ နာရီခန့်က အမျိုးသားတစ်ဦး လည်ပင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်လာရောက်ပစ်သတ်သွားခြင်းဖြစ်ပြီး လည်ပင်းတွင်ကျည်ထိမှန်သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့အိမ်ကနေဆိုင်ကယ်နဲ့ထွက်လာတာ လမ်းခွမှာ သူ့နောက်ကနေ့ တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ပြေးလိုက်ပြီး သေနတ်အတိုနဲ့ပစ်ခဲ့တာ။ သူကအရင်ကတော့ လီဆူပြည်သူ့စစ်စပေါ်ကတည်းက ပြည်သူ့စစ်လုပ်တာ နားတာကအသက်ကြီးပြီမလို့ တရားဝင်နားတာဆိုတော့ ပြေးစရာလည်းမလိုဘူးလေ၊ လယ်လုပ်စားနေတာ ငါးလ၊ ခြောက်လရှိပြီ” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၅၂ နှစ်ခန့်အရွယ်ရှိ ဦးလမြာလေးဆိုသူဖြစ်ပြီး ဝူယန်လီဆူပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသခံများထံကသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဦးလမြာလေးသည် လည်ပင်းကို ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့ပြီးနောက် ဝိုင်းမော်ဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူနာစောင့်လည်းမပါဘူး၊ တွေ့ရာသုံးဘီးနဲ့ပဲတင်ပေးလိုက်တယ်ဆိုတော့ ဖြစ်စဉ်တော့ ကျွန်တော်တို့လည်း မသိဘူးဗျာ။ နောက်မှသူ့တို့ရွာသားတွေရောက်လာပြီး အကူညီတောင်းတာ။ သူ့တို့ရွာသားတွေလည်း ဘယ်လိုဖြစ်ခဲ့လည်း မသိဘူးတဲ့။ သူကတော့အဲ့မှာပဲတစ်ခါတည်းဆုံးသွားတာ ပြီးမှပဲဆေးရုံရောက်လာတာ” ဟုပြောသည်။

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဦးရွှေမင်းဦးဆောင်သည့် ဝူယန်ပြည်သူ့စစ် တပ်စခန်းတည်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း စန်းခါးကျေးရွာ၊ ရပ်ကွက် (၅)၊ လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသားနှစ်ဦးကို ကင်းလှည့်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့က ရပ်ရန်ပြောချိန် မရပ်သောကြောင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Dureng, Zami

ပုံ – မွန်မြတ်စေတနာ FB page

သင့်ထင်မြင်ချက်ရေးပေးပါ