စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့သည့် ပုလဲမြို့နယ်၊ မြကုန်းကျေးရွာကို ယနေ့နံနက်က နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် လည်ပင်းတွင်ဓားထိုးဒဏ်ရာဖြင့်သေဆုံးနေသည့် ပြည်သူတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

မြကုန်းကျေးရွာကို ယမန်နေ့ နံနက် ၁၁ နာရီခန့်ကဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လည်ပင်းတွင်ဓားထိုးသတ်ဖြတ်ခံခဲ့ရသူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝတ်စုံဝတ်ဆင်ပေးကာ ဝါဒဖြန့်ခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကာကွယ်ရေးအဖွဲ့ထဲကတစ်ဦးတော့ dead body (အလောင်း)တွေ့တယ် ကျန်တစ်ဦးကတော့ ပြည်သူဗျ။ အခုလည်းအဲ့ကလေးရဲ့အလောင်းကိုစစ်နေတာပေါ့နော်။ ဘယ်ကိုရှောင်ရမှန်းမသိလို့ အဲ့လိုဖြစ်သွားတာ။ လည်ပင်းကို ဓားနဲ့ထိုးသတ်ပြီးတော့မှ ကလေးရဲ့ပုဆိုးကိုချွတ်ပြီးတော့ PDF ဘောင်းဘီတွေဝတ်ပေးခဲ့တာ။ PDF ပေါ့ဗျာ သူတို့ကအဲ့လိုပဲတင်ကြတာ။ အနားမှာတော့ ကလေးရဲ့ပုဆိုးရှိတယ်လေ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်းရှိနေအိမ် ၁၈ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သူကပြောသည်။

သတ်ဖြတ်ခံခဲ့ရသူမှာ အသက် ၁၆ နှစ်ခန့်အရွယ်ရှိ မောင်ထက်မြတ်ဇော်ဆိုသူဖြစ်ကြောင်း သိရသည်။

မြကုန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသည့် မင်းတိုင်ပင်ကျေးရွာနှင့် ကုက္ကိုလ်ကုန်းကျေးရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးကပြောသည်။

“ပုလဲမြို့ပေါ်မှာရှိနေတဲ့စစ်ကြောင်းကိုကာနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ မြကုန်းကျေးရွာအနီးမှာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၁၀ နာရီလောက်မှာ နမခက MI35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်။ စစ်ဘေးရှောင်ပြည်သူနဲ့ ဒေသခံပြည်သူများကို ခြောက်ကြိမ်ခန့်ပတ်ဝဲပြီး ပစ်ခတ်ခဲ့ပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင်လည်း အဆိုပါကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးအခြေအနေတင်းမာလျက်ရှိကြောင်းသိရသည်။

ပုလဲမြို့နယ်၊ ကံကြီးကျေးရွာသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ဒေသခံတစ်ဦးကို သတ်ဖြတ်ပြီး သုံးဦးကို ဓားစားခံအဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – Kyaw Soe Oo

 

သင့်ထင်မြင်ချက်ရေးပေးပါ