မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျထိမှန်ခဲ့သည့်  ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အမှုတော်ဆောင်ဆရာတစ်ဦး ယမန်နေ့နံနက်က သေဆုံးသွားကြောင်းသိရသည်။

မော်တောင်းကျေးရွာအုပ်စု တာလုံကျေးရွာတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် မိသားစုအတွက် ရိက္ခာပြန်ယူပြီး သားနှင့်သမီးအတွက် မုန့်ဝယ်နေစဉ် နိုဝင်ဘာ ၃၀ နေ့က လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူက The 74 Media ကိုပြောသည်။

“ဒီတစ်လော တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးတွေရွာထဲအရမ်းကျလို့တောဘက်ရှောင်နေကြရတာ။ စားစရာ တွေကုန်သွားလို့ အိမ်ပြန်ပြီး စိုက်ထားတဲ့မုန်ညှင်းတွေ၊ ဆန်တွေသွားယူတာလေ။ ယူပြီးလို့ ပြန်တဲ့လမ်းမှာ မုန့်ဆိုင်တွေ့တော့ သူ့ကလေးတွေအတွက်ဆိုပြီး ဆိုင်ထဲမုန့်ဝင်ဝယ်နေတဲ့ချိန် ဆိုင်ရဲ့အပေါ်ထပ်ကိုကျပြီး လက်နက်စက သူ့မျက်ခုံးမွေးအပေါ်ဘက်မှာစိုက်ဝင်သွားတာ” ဟုပြောသည်။

နမ့်ပေါ်တပ်စခန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်က ပစ်ခတ်သည့် ၆၀ မမ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၃၆ နှစ်ခန့် အရွယ်ရှိ ဓမ္မအမှုတော်ဆောင်ဦးလဒွဲမှာ နဖူးတွင်လက်နက်ကြီးစ စိုက်ဝင်ဒဏ်ရာဖြင့် နမ့်ပေါ်ဆေး‌ရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

တာလုံကျေးရွာတွင် ယခုတစ်ပတ်အတွင်း လက်နက်ကြီးကျရောက်မှု (၁၀) ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီက တပ်စခန်းသိမ်းခံရစဉ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ၁၀၅ မိုင်မှ မူဆယ်မြို့သို့ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူသုံးဦး ပြည်ထောင်စုလမ်းမကြီးတွင် ပစ်ခတ်ခံခဲ့ရသောကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

မူဆယ် (၁၀၅) မိုင်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၉၇ ဦး ရှိခဲ့ကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ