ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ကော့နွဲ့စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲပြင်းထန်လာသောကြောင့် ဒေသခံအချို့နီးစပ်ရာသို့ ထွက်ပြေးသိမ်းရှောင်နေကြသည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲက မြို့အတွင်းမှာတော့ မဟုတ်ဘူး၊ မြို့ရဲ့အစွန်ဘက်လေးမှာဖြစ်တာ။ ကော့ကရိတ်မြို့က မိန်းဆိုတော့ အရင်ကတည်းကလုပ်ဖို့ရှိတယ်လို့ပြောတယ်။ အခုလည်းအပြန်အလှန်ပြင်းထန်နေတယ်။ မြို့ပေါ်ကပြည်သူတော်တော်များများလည်း တစ်ခြားနေရာက သူတို့ရဲ့ဆွေမျိုးတွေဆီပြောင်းသွားပြီ။ မြို့ပေါ်မှာ မြို့ခံနည်းနည်းပါးပါးတော့ကျန်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် မြို့အဝင်အထွက်များကို ပိတ်ထားပြီး ကော့ကရိတ် – ဖားအံလမ်းတွင်လည်း တိုက်ပွဲကြောင့် ကားများပိတ်မိနေကြောင်း ယာဉ်မောင်းတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်ရင်တော့ PDF ဆိုလည်းပိတ်တယ်။ အစိုးရဘက်ကလည်း ပိတ်တာတွေရှိတယ်။ တိုက်ပွဲဖြစ်ရင်တော့စောင့်နေပြီးတော့ တိုက်ပွဲပြန်ငြိမ်သွားရင်တော့ ပြန်တက်ပေါ့” ဟုပြောသည်။

ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သော လှိုင်ဝအမြှောက်ကုန်းနှင့် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၉၇) အနီးတွင်နေထိုင်သည့် ဒေသခံပြည်သူများလည်းပိတ်မိနေကြောင်း သိရသည်။

ကော့ကရိတ်မြို့နှင့် ကျုံဒိုးကျေးရွာကြားတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် မြဝတီ – ကော့ကရိတ် – ဖားအံလမ်းကိုယာယီပိတ်ထားခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ဓါတ်ပုံ – KIC

သင့်ထင်မြင်ချက်ရေးပေးပါ