ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့ နံနက်က TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မူဆယ်မြို့နယ်၊ နမ့်ပေါ်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၅ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး အရှင်ဖမ်းမိခဲ့ပြီး 60 MM လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၃၂) လက်နှင့် ကျည်များသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂၁ ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့် ငါးကြိမ်၊ Mi35/Mi17 သုံးကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများလည်း ပစ်ခတ်ခဲ့ကြောင်းဖော်ပြထားသည်။

ထို့အပြင် သီပေါမြိုနယ်၊ စဥ့်အင်ရဲစခန်းကိုလည်း ယနေ့ နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက် (၈)လက်၊ ပစ္စတို (၃)လက်၊ ကျည်များစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်းစသည့်မြို့နယ်ငါးခုနှင့် တရုတ်- မြန်မာနယ်စပ်ဂိတ် စုစုပေါင်းလေးခုကို ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး နမ့်ခမ်း၊ သိန္ဒီနှင့် သီပေါတို့ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

သတင်း – Dureng

ဓါတ်ပုံ – PSLFနှင့် TNLA သတင်းနှင့် ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ