ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့နံနက် ၈ နာရီခန့်က ရွှေကူမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးကျေးရွာအနောက်ဘက်ခြမ်းရှိ ရွှေငြိမ်းချမ်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက် ၅ နာရီခန့်ကစတင်တိုက်ခိုက်ခဲ့ရာမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြို့လှ KPDF ပြောရေးဆိုခွင့်ရှိသူက The 74 Media ကိုပြောသည်။

“သူတို့ ရွာထိပ်ကဘုန်းကြီးကျောင်းနားမှာတပ်စွဲထားတာ နှစ်ချီကြာနေပြီ။ အဲဒါကို ဒီနေ့မနက် သိမ်းနိုင်လိုက်ပြီ (စစ်ကောင်စီတပ်ဖွဲ့ဝင်)တစ်ယောက်မှ မရှိတော့ဘူး သေတဲ့ဟာကသေ၊ ပြေးတဲ့ဟာကပြေး အကုန်လုံးဝင်စီးလိုက်ပြီ” ဟုဆိုသည်။

ရွှေငြိမ်းချမ်းကျေးရွာသည် ရွာသစ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယာယီစခန်းချတပ်စွဲထားသည့်နေရာကို KIA တပ်မဟာ (၈) တပ်ရင်း ၅ နှင့် မြို့လှ KPDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ဒီမှာထိုင်ထားတဲ့စခန်းကို ခုမနက်က သိမ်းလိုက်နိုင်တာ။ အသေအပျောက်စာရင်းတော့ မရသေးဘူး။ ထွက်ပြေးတဲ့ကောင်လည်း များတယ်။ သူတို့ (စစ်ကောင်စီ) ဘာမှလုပ်ချိန်ကို မရလိုက်တာ၊ လက်နက်တွေလည်း အများကြီး သိမ်းမိထားတယ်လို့ ကြားတယ်။ ဒီဘက်တော့ အထိအခိုက်လုံးဝ မရှိထားဘူး” ဟုပြောသည်။

အဆိုပါစခန်းမှ လက်နက်ခဲယမ်းများအပြင် ရိက္ခာများလည်း သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“စခန်းက ပထမသိမ်းပြီး ဝင်ပြီးသွားပြီ။ အဲဒီအချိန်မှာစစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့လာကြဲသွားတာ အလုံးရေကို မရေနိုင်ပါ့။ အဲဒါကြောင့် ခဏနောက်ပြန်ဆုတ်ပေးလိုက်တော့ နောက်တစ်စီးနဲ့လာပြန်ကြဲသွားရော။ ပစ္စည်းတွေကတော့ အများကြီးပဲ ဆန်အိတ်တစ်ရာကျော်တယ်။ ကားနဲ့တောင် သုံးကြိမ်လောက်တိုက်ရမယ့် အနေထားရှိတယ်” ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးခဲ့သည့် အရေအတွက်နှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ် ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ်စခန်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တာဝါတိုင်အပါအဝင် စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း – Thu Ta, Pan soon

သင့်ထင်မြင်ချက်ရေးပေးပါ