စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီ ရဲအုပ်တစ်ဦး အပါအဝင် ၁၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၃၇ လက်သိမ်းဆည်းရမိကြောင်း NUG အမှတ် ၁ စစ်ဒေသက ယနေ့ထုတ်ပြန်လိုက်သည်။

ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံးခဲ့ပြီး ရဲအုပ်တစ်ဦးအပါအဝင် ပျူစောထီးတပ်ဖွဲ့ဝင်စုစုပေါင်း ၁၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှ ၈၁ မမ စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် ၃၆ လက်၊ ကျည်မျိုးစုံ ၁၄၀၀ ကျော်၊ ဗုံးမျိုးစုံ ၂၈၀ ကျော်၊ မိုင်း ၂၀ ကျော် အပါအဝင် ကားသုံးစီး၊ ဆိုင်ကယ်နှစ်စီးနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် VOKOK (CNDF) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီ ခလရ – ၂၂၈ က ဗိုလ်ကြီး ကျော်ဇင်မျိုးဦးစီးပြီး ရဲ နှင့် ပျူစောထီးအင်အား ၄၁ ဦးနေထိုင်သည့် ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – အမှတ် (၁) စစ်ဒေသ

သင့်ထင်မြင်ချက်ရေးပေးပါ